မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် ဝါရင့် နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်းကို ဘိုင်ယန်မြူးနစ်အသင်းက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ခေါ်ယူသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးချိန် နောက်ဆက်တွဲ သတင်းတစ်ခုအနေနဲ့ ယူနိုက်တက်က ဗာရန်းကို ဆောင်းဈေးကွက်မှာ ရောင်းချမှာ မဟုတ်ပဲ ဒီရာသီ အကုန်အထိ အသင်းမှာသာ ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။

Raphael Varane 2021

Photo Credit : Managing Madrid

ရီးယဲလ် မက်ဒရစ်ရဲ့ legend ကြီး တစ်ဦးလို့ သတ်မှတ်ရမယ့် ဗာရန်းက ၂၀၂၁ခုနှစ်ကမှ ရီးယဲလ်နဲ့ လမ်းခွဲပြီး ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ နန်းကျဘုရင်တစ်ပါး အသင်းဆီ ရောက်လာလို့ ယူနိုက်တက် ပရိသတ်တွေ အပျော်ကြီး ပျော်ခဲ့ရပြီး ဗာရန်းကလည်း ယူနိုက်တက်အတွက် ဘောလုံးရာသီ (၂)ရာသီအတွင်း ပွဲပေါင်း (၆၃)ပွဲအထ်ိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။ မနှစ်က ရာသီမှာဆိုရင်လည်း လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက်ပြီး ယူနိုက်တက် ခံစစ်အတွက် မာကြောမှုတွေ ပြသနိုင်ခဲ့ပါတယ်။

Raphael Varane Utd

Photo Credit : United in Focus

ဒါပေမယ့် ဗာရန်းက ယူနိုက်တက်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ဒဏ်ရာ ပြသာနာတွေ ခဏခဏ ရရှိလာခဲ့သလို တချို့ပွဲတွေမှာဆိုရင်လည်း ဗာရန်းက အမှားအယွင်းတွေ များလာခဲ့ပါတယ်။ ပိုဆိုးတာကတော့ ဒီရာသီမှာ နည်းပြ အဲရစ် တန်ဟက်ဂ်က မက်ဂွိုင်းယား အီဗန်စ်တို့ရဲ့နောက် အရန်နေရာမှာသာ ဗာရန်းကို အသုံးပြုလာခဲ့ချိန် ဗာရန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ပိုမို ထွက်ပေါ်လာခဲ့ရပါတယ်။

Raphael Varane Man Utd

Photo Credit : The Athletic

လတ်တလောမှာ ဘိုင်ယန်က ဗာရန်းကို ဇန်နဝါရီမှာ ခေါ်ယူမယ်လို့ သတင်းတွေ တော်တော်လေး ထွက်ပေါ်လာပေမယ့် ယူနိုက်တက်က ဗာရန်းကို ဒီဆောင်းမှာ ရောင်းထုတ်မှာ မဟုတ်သလို ဗာရန်းကိုယ်တိုင်ကလည်း ဒီရာသီ ကုန်ဆုံးချိန်အထိ ယူနိုက်တက်မှာ ဆက်ကစားသွားချင်နေပါတယ်။ ဒါပေမယ့် လာမယ့်နွေမှာတော့ ဗာရန်းဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး အီတလီ စီးရီးအေ ဒါမှမဟုတ် ဆော်ဒီပရိုလိဂ်က ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားချင်နေပါတယ်။

Featured Photo : The Sun