ချစ်သူနှစ်ယောက် ချစ်မြတ်နိုးပြီး လက်ထပ်လိုက်ကြပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်အပြင် အခြားသော နှစ်ဖက်မိဘ အသိုင်းအဝိုင်းနှင့် ဆွေမျိုးများလည်း ပါဝင်လာကြပါတယ်။ တခါတရံမှာ ကိုယ့်ရဲ့ ယောက္ခမ တွေနဲ့ ဆက်ဆံရေး မပြေပြစ်ဘဲ ကတောက်ကဆဖြစ်ရတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်ကို မကြည်ဖြူဖြစ်နေတဲ့ ယောက္ခမ တွေနဲ့ ဆက်ဆံရေး ကောင်းအောင် ကွီးတို့အနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ။

ကိုယ့်ဘက်က အကောင်းဆုံးလုပ်ဆောင်နေရဲ့သားနဲ့ ကိုယ့်ကို မကြည်ဖြူတာလား။ ဒီအချက်များနှင့် ကိုက်ညီနေမယ်ဆိုရင်တော့ သင့်မှာ ပေါင်းသင်းရခက်တဲ့ ယောက္ခမမျိုး ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးလဲဆိုတော့ …

ယောက္ခမ ဆက်ဆံရေး

Photo: Crosswalk

တစ်လောကလုံးမှာ သူ(မ)သာ မှန်ကန်နေပြီး သူ(မ)ဘက်က မှားသွားတဲ့အခါမှာလည်း ဘယ်တော့မှ မတောင်းပန်ခြင်း၊ သင့်ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်မပြုခြင်း၊ သင် ဘာပဲကောင်းတာလုပ်ပြနေ လုပ်ပြနေ သင့်ကို အဆိုးချည်းသာ မြင်နေခြင်း၊ လူတိုင်းကို သင်သည် မကောင်းတဲ့ သားမက်တစ်ယောက်ဖြစ်ကြောင်း လိုက်ပြောနေခြင်း၊ သင်တို့ရဲ့ အိမ်ထောင်ရေးကို လိုက်လံထိန်းချုပ်နေခြင်း၊ သင့်ကို လေးစားမှုမပေးခြင်း၊ တစ်ချိန်လုံး အပြစ်တင်နေခြင်း၊ သင့်အပေါ်မှာ အငြိုးကြီးခြင်း၊ အများရှေ့တွင် မျက်နှာထားချိုသာပြပြီး သင်နဲ့ နှစ်ယောက်တည်းရှိနေပါက ထိုမျက်နှာဖုံး ကွာကျသွားခြင်း အစရှိတဲ့ အချက်တွေထဲက အချက် ဘယ်နှချက်လောက်ကို ပိုင်ဆိုင်ထားပါသလဲ။

တကယ်လို့ သင့်ရဲ့ ယောက္ခမ တွေထံမှာ အထက်ဖော်ပြပါအချက်များ အများအပြားတွေ့မြင်ရတယ်ဆိုရင်တော့ သေချာပါတယ်။ သင်တို့ရဲ့ ဆက်ဆံရေး သည် ဘယ်လိုမှ ပြေလည်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ သင်သည် မဟုတ်မခံစိတ်ရှိတဲ့ လူမျိုးဆိုရင်တော့ သင်တို့ရဲ့ သားမက် ယောက္ခမဆက်ဆံရေးသည် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မှာဖြစ်ပြီး သင့်အိမ်ထောင်ရေးအပေါ်မှာလည်း တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

ဒါဆိုရင် ဒီလိုမျိုး ပေါင်းသင်းရခက်တဲ့လူစားတွေနဲ့ ဘယ်လိုမျိုး အလိုက်အထိုက် ပေါင်းသင်းရမလဲ။

ဘာ့ကြောင့် သူ ဒီလိုဆက်ဆံနေသလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ

ယောက္ခမ ဆက်ဆံရေး

သူ့ရဲ့အခြေအနေကို နားလည်ခြင်းသည် သူ့ရဲ့အပြုအမူတွေကို ခွင့်လွှတ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ ဘာ့ကြောင့် ဒီလိုမျိုး ပြုမူနေရသလဲဆိုတာကို သိထားမယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုပြန်လည်တုန့်ပြန်ရမလဲဆိုတာကိုလည်း သိနားလည်သွားပါလိမ့်မယ်။ သူသည် သင့်ကို နဂိုကတည်းက အမြင်မကြည်တာလား။ ဒါမှမဟုတ် အခြားသော စိတ်အနှောင့်အယှက်ဖြစ်စရာများကြောင့် သင့်အပေါ်မှာ ဒေါသလွှဲချပြီး ဆိုးဆိုးရွားရွား ဆက်ဆံနေတာလားဆိုတာကို ခွဲခြားနိုင်ပါတယ်။ တကယ်လို့ သူ့မှာ အခြားသောစိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိတယ်ဆိုရင်တော့ သင့်အနေနဲ့ ဘယ်အရာက သူ့ကို စိတ်ဆိုးစေတာလဲဆိုတာကို အဖြေရှာပြီး သူ့ရဲ့စိတ်ညစ်စရာများကို ဖြေဖျောက်ပေးနိုင်ပါတယ်။

တကယ်လို့ သူက သင့်ကို ကြည့်မရရုံသပ်သပ်ဆိုရင်တော့လည်း ရွေးစရာ ဘယ်ရှိတော့မလဲ။ အခုဆက်လက်ဖော်ပြပေးမယ့်အချက်များကို လိုက်နာလိုက်ရုံပါပဲ။

တတ်နိုင်သမျှ ထိပ်တိုက်မတွေ့အောင် ရှောင်ကြဉ်ပါ

ယောက္ခမ ဆက်ဆံရေး

သူ့ဘက်က သင့်ရဲ့ ဒေါသတွေကို ဘယ်လောက်ပဲ ဆွပေး ဆွပေး သင့်အနေနဲ့ လိမ္မာပါးနပ်စွာ ရှောင်ထွက်တတ်ဖို့လိုပါလိမ့်မယ်။ သင့်ရဲ့ ဒေါသတွေ ပွားများပြီး လောင်မြိုက်လာအောင် သူ့ကို အခွင့်အရေးမပေးလိုက်ပါနဲ့။ သူက ဘယ်လောက်ပဲ လောင်နေပါစေ ကိုယ်က အလိမ္မာသုံးပြီး ရှောင်ထွက်တတ်မယ်ဆိုရင်တော့ သူလည်း တဖြည်းဖြည်းနဲ့ မောသွားပြီး လက်လျော့သွားပါလိမ့်မယ်။

ပြင်းထန်တဲ့ စိတ်ခံစားချက်တွေသည် အခြေအနေကို ပိုမိုဆိုးရွားလာစေတယ်ဆိုတာ သတိရလိုက်ပါ

ယောက္ခမ ဆက်ဆံရေး

Photo: Southernliving

သူ ပြောဆိုသမျှတွေကို ခေါင်းထဲ ထည့်မနေဘဲ မေ့မေ့ပျောက်ပျောက်သာ နေလိုက်ပါ။ သင့်နှလုံးသားတစ်ခုလုံးနဲ့ လိုက်လံခံစားနေမယ့်အစား သူ့ကို လျစ်လျူရှုခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ တစ်ခုရှိတာက သင့်ရဲ့ တုန့်ပြန်မှုသည် ပညာရှိနည်းနဲ့ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ရမှာပဲဖြစ်ပါတယ်။

ကိုယ်က လူငယ်ပီပီ သဘောထားကြီးလိုက်ပါ

mad couple

သင်သည် လူငယ်ပီပီ နှလုံးသားကြီးကြီးနဲ့ သဘောထားကြီးပေးလိုက်ပါ။ တကယ်လို့ သူ့အိမ်သွားတိုင်းမှာ ထိုကဲ့သို့ ပြုမူနေမယ်ဆိုရင်တော့ တတ်နိုင်သမျှ သူ့အိမ်သို့ သွားခြင်းကို ရှောင်ကြဉ်ပါ။ တကယ်လို့ သင်တို့ ဇနီးမောင်နှံသည် မိဘအိမ်မှာ နေနေကြတယ်ဆိုရင်တော့ အိမ်ခွဲနေဖို့ စဉ်းစားနိုင်ပါတယ်။ ဒါမှသာ စိတ်အနှောင့်အယှက် ပေးမယ့်လူလည်းမရှိဘဲ ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။

သူ့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့

couple fighting

ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားကို သင် ကြားဖူးပါလိမ့်မယ်။ ထိုကဲ့သို့သော လူမျိုးသည် ပြောင်းလဲသွားလည်း တခဏတာပဲဖြစ်ပါတယ်။ အချိန်တဖြည်းဖြည်းကြာလာတဲ့အခါ သူတို့ရဲ့ နဂိုအကျင့်ဗီဇသည် ပြန် ပြန်ပေါ်လာတာပါပဲ။ ဒါ့ကြောင့် သင်က သူတို့တနေ့နေ့ တချိန်ချိန်တော့ ပြောင်းလဲလာမှာပဲလေဆိုပြီး မျှော်လင့်နေမယ် ကြိုးစားနေမယ်ဆိုရင်တော့ ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ အချည်းနှီးပါပဲ။ သူ့ရဲ့အကျင့်ကို လက်ခံပြီး သင့်ဘက်က ချိတ် ချိတ်ချင်း မငြိအောင်သာ ကြိုးစား ရှောင်ရှားရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အိမ်ထောင်ရေးနှင့် ကိုယ့်အတွက်သာ အာရုံစိုက်ပါ

happy couple

သင့်ရဲ့ လက်တွဲဖော်ကိုလည်း သင့်ရဲ့ အခြေအနေကို အကျိုးအကြောင်းရှင်းပြပါ။ ပုံကြီးချဲ့ပြီး ကိုယ့်လက်တွဲဖော်ကို အပြစ်ဖို့နေတာမျိုး (သို့မဟုတ်) သူ့ရဲ့မိဘတွေကို ပြောလို့မရလို့ဆိုပြီး သူ(မ)ကို မဲနေတာမျိုး၊ သူ(မ) အပေါ် အပြစ်လွှဲချတာမျိုး မလုပ်ဘဲ နှစ်ယောက်သား ထိုအခြေအနေကို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ကျော်ဖြတ်ဖို့လိုအပ်ပါလိမ့်မယ်။

ဒီအချက်များကို သိထားပြီဆိုရင်တော့ ကိုယ့်ရဲ့ ပေါင်းသင်းရခက်တဲ့ ယောက္ခမ တွေနဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးပမ်းနိုင်ပြီပဲဖြစ်ပါတယ်။

 

Source: Wehavekids

Featured Image: Theconversation