မန်ချက်စတာ ယူနိုက်တက်အသင်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ် မစတင်ခင်မှာ အသင်းအတွင်း အားရစရာကောင်းတဲ့ အပြောင်းအရွှေ့တွေ များစွာ ဖြစ်ပေါ်ခဲ့ပြီး အသင်းပရိသတ်တွေအတွက်လည်း မျှော်လင့်ချင်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်ယူ နိုက်တက်အတွက် ဒဏ်ရာကျိန်စာဆိုးတွေက လာမယ့် ဘောလုံးရာသီသစ်အတွက်ပါ လိုက်ပါ ခြောက်လှန့်သွားဖွယ်လည်း ရှိနေပြန်ပါတယ်။
Photo Credit: UtdDistrict
မန်ယူက ဒီရာသီအတွက် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇာ့ခ်ဇီးနဲ့ နောက်ခံကစားသမားလေး လန်နီ ယိုရိုတို့ကို ခေါ်ယူထားတယ်။ ဇာ့ခ်ဇီးက ယူရို-၂၀၂၄ မှာ နယ်သာလန်နဲ့အတူ ဆီမီးဖိုင်နယ်အထိ ဆင်နွဲထားရတာမို့ အခုထိ မန်ယူအတွက် မကစားပေးနိုင်သလို ဗဟိုခံစစ်မှူးလေး ယိုရိုကလည်း သူရဲ့ ပွဲဦးထွက် ရိန်းဂျားစ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလောက် အာဆင်နယ်နဲ့လည်း ကစားရရော ခြေထောက်ဒဏ်ရာ ရသွားပါတော့တယ်။ အဲ့ဒီပွဲမှာ ယိုရိုသာမကပဲ မန်ယူ အတွက် အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်းပါ တံကောက်ကြောဒဏ်ရာ ရသွားခဲ့ပါသေးတယ်။ အခုဆို ယိုရိုက အဲ့ဒီဒဏ်ရာကြောင့် (၃)လအထိတောင် အနားယူရတော့မှာ ဖြစ်သလို ဟွိုင်လန်းကလည်း (၆)ပတ်ခန့်လောက်အထိ နားရပါတော့မယ်။
Photo Credit: Be Soccer
ပိုဆိုးတာကတော့ မနေ့က ဘက်တစ်အသင်းနဲ့ ကစားခဲ့တဲ့ Snapdragon ဖိတ်ခေါ်ဖလား ပွဲစဉ်မှာလည်း နောက်ထပ် တိုက်စစ်ကစားသမားတွေဖြစ်သော မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ပါ ဒဏ်ရာတွေ အသီးသီး ထပ်မံ ရရှိသွားခဲ့ပါသေးတယ်။ ဒီကစားသမားတွေကတော့ ဘယ်လောက်အထိ အနားယူရဦးမလဲဆိုတာ မသိရသေးပေမယ့် ရာသီအစမှာ မြို့ခံကလပ် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲအတွက်တော့ ကစားသမားအင်အားက စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။
Photo Credit: ESPN FC
တကယ်တော့ ရာသီကြို ခြေစမ်းပွဲကတွေကနေ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ဈေးကွက်ထဲ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေရဲ့ ခြေစွမ်းပိုင်းအတွက် ပိုမို လေ့လာနိုင်မှုတွေနဲ့ လူငယ် ကစားသမားလေးတွေထဲကမှ အရည်အသွေးမြင့် ကစားသမားတွေကို မြင်တွေ့လာနိုင်တာတွေ ရှိရပေမယ့်လည်း ခြေစမ်းပွဲမှာပဲ ဒဏ်ရာရသွားရင်း ကာလအတန်ကြာအထိ အနားယူရတာမျိုးလည်း ဖြစ်တက်ပါတယ်။ (၄)ရက်နေ့မှာလည်း မန်ယူ က လီဗာပူးလ်နဲ့ နောက်ဆုံးသော ခြေစမ်းပွဲကို ကစားရဦးမှာဖြစ်လို့ ဒီပွဲမှာရော ဘယ်ကစားသမားတွေ ထပ်ပြီး ဒဏ်ရာရသွားဦးမလဲ ဒါမှမဟုတ် ဒဏ်ရာအနာတရ ကင်းစင်စွာနဲ့ ကစားသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။
Featured Photo: SPORTbible