စနေနေ့ရဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်က နာကျင် အချိန်ပို သွင်းဂိုးနဲ့ မန်ယူ အသင်းကို အနိုင်ယူခဲ့ပြီး ဒီနှစ်သင်းကြား နောက်ဆုံး (၈)ကြိမ်အထိ ထိပ်တိုက် တွေ့ဆုံခဲ့စဉ်အတွင်း ဘရိုက်တန်က (၅)ပွဲအထိ အနိုင်ရခဲ့ပြီး ဒီပမာဏဟာ ယူနိုက်တက်လို အသင်းမျိုးအတွက်က တော်တော်လေးကို လက်ခံရခက်ခဲစေပါတယ်။
Photo Credit: Man Utd News
မန်ယူက ဒီရာသီမှာ ခံစစ်ပိုင်းအတွက်ချည်းပဲ ယိုရို ဒီလစ်နဲ့ မာဇရာဝီတို့ကို ခေါ်ထားတယ်။ တိုက်စစ်ကတော့ ဇက်ခ်ဇီတစ်ဦးတည်းပဲ ခေါ်ထားခဲ့ပြီးတော့ အခု ဘရိုက်တန်နဲ့ပွဲရော ဖူလ်ဟမ်နဲ့ပွဲမှာပါ အရန်ပဲ ထားသုံးတယ်။ ခံစစ်က ယိုရိုကတော့ ခြေစမ်းပွဲမှာပဲ ဒဏ်ရာရသွားလို့ (၃)လလောက် အနားပေးလိုက်ရပြီး မာဇရာဝီကိုပဲ ဖူလ်ဟမ်နဲ့ပွဲ ဘရိုက်တန်နဲ့ပွဲတွေအထိ ဆက်တိုက် line-up ထဲမှာ အသုံးပြုလာတယ်။ ဒီလစ်ကိုလည်း ဇက်ခ်ဇီလိုပဲ (၂)ပွဲလုံး အရန်မှာပဲ သုံးခဲ့ပါတယ်။
Photo Credit: The Independent
ဖူလ်ဟမ်နဲ့ပွဲတုန်းက မန်ယူပရိသတ်တွေ သဘောတွေ့သွားခဲ့တဲ့ ဂေါင်းကြီး မက်ဂွိုင်းယားကို တန်ဟက်ဂ်က ဘရိုက်တန်နဲ့ပွဲမှာပါ ယုံယုံကြည်ကြည်နဲ့ ဆက်သုံးခဲ့ပေမယ့်လည်း ဒီပွဲမှာတော့ သူရဲ့ ပေါ့ဆမှု ခံစစ်ကစားပုံ လျော့တိလျော့ရဲမှုကြောင့်ပဲ မန်ယူ ကစားသမားဟောင်း ဝဲလ်ဘတ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အာမတ်က မန်ယူ အတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး လူစားဝင်လာတဲ့ ဂါနာချိုကပါ ဦးဆောင်နိုင်စေမယ့် ဂိုးကို သွင်းယူခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ပွဲတုန်းက အသင်းအတွက် hero ဖြစ်ခဲ့တဲ့ ဇက်ခ်ဇီက ဂါနာချို ဂိုးဟာ သူနဲ့ထိသွားခဲ့ရင်း offside ဖြစ်သွားလို့ ဂိုးပယ်ဖျက်ခံ လိုက်ရပါတယ်။
Photo Credit: Bleacher Report
မန်ယူ အတွက် ကံဆိုးမှုက ဒါနဲ့တောင် မရပ်သွားသေးပဲနဲ့ တန်ဟက်ဂ်က ဘရူနို ဖာနန်ဒက်စ်ကိုပါ လူစားလဲလိုက်ရာကနေ စပြီး တိုင်ပတ်သွားပါတော့တယ်။ ဘရိုက်တန်က နာကျင်အချိန်ပိုမှာ မန်ယူကို ထိုးဖောက် တိုက်စစ်ဆင်နေရင်းနဲ့ အနိုင်ဂိုးကိုပါ အမှတ်မထင် သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးကလည်း ပထမဂိုးလိုပဲ။ ဂိုးသွင်းမယ့် ကစားသမားနားမှာ marking ကပ်မယ့် ကစားသမားက တစ်ယောက်မှ ရှိမနေပဲ ဘောလုံးကို ဖြတ်တင်မယ့် ကစားသမားဆီမှာသာ နောက်ခံလူ (၄)ဦးလောက် သွားပြုံနေပါတယ်။ ခံစစ်ပေါ့ဆမှု (၂)ခုကနေ ပေးဂိုး (၂)ဂိုး ခွင့်ပြုပြီး ရှုံးနိမ့်သွားခဲ့ရတဲ့ မန်ယူက လာမယ့်တစ်ပတ်မှာတော့ လီဗာပူးလ်နဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာမို့ အဲ့ဒီပွဲမှာရော ရလဒ် ထပ်ဆိုးသွားဦးမလား ဒါမှမဟုတ် ရလဒ်ကောင်း ပြန်လည် ရယူရနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
Featured Photo: beIN SPORTS