ကိုယ်အကြိုက်ဆုံး ရေမွှေး ပုလင်းကို တတ်နိုင်သမျှ အချိန်ကြာကြာ ထိန်းသိမ်းထားချင်တာ ရေမွှေးချစ်သူတိုင်းရဲ့ ဆန္ဒတစ်ခုပါ။ ရေမွှေးတွေမှာ ပါဝင်တဲ့ အဆီနဲ့ အယ်လ်ကိုဟောတွေဟာ စိုထိုင်းဆ ၊ အပူချိန်နဲ့ အလင်းရောင်ထိတွေ့မှုတွေကြား ပြိုကွဲသွားတက်တာကြောင့် ကွီးတို့ နှစ်သက်တဲ့ တန်ဖိုးကြီး ရေမွှေးတွေရဲ့ မူလရနံ့တွေ မပျောက်ပျက်သွားအောင် သေချာဂရုတစိုက် သိမ်းဆည်းထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့အကြိုက်ဆုံး ရေမွှေး တွေကို ကြာရှည်ခံစေဖို့နဲ့ ရေမွှေးတွေရဲ့ မူလရနံ့ကို ပျောက်ပျက်မသွားစေဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မှောင်တဲ့နေရာမှာ ထားပါ

Photo : Birkholz Perfume Manufacture

ရေမွှေးတွေက အမှောင်ကြိုက်ပါတယ်။ ဘာလို့ဆို ရေမွှေး ပုလင်းတွေကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာထားရင် မြန်မြန်ပျက်စီးစေပြီး အချိန်ကြာလာတာနဲ့အမျှ ရနံ့တွေပြိုကွဲသွားစေနိုင်လို့ပါ။ ဒါကြောင့် ရေမွှေးတွေကို အချိန်ကြာကြာခံချင်တယ်ဆိုရင် အဝတ်ဗီရို သို့မဟုတ် နေရောင်မထိနိုင်မယ့် မှောင်တဲ့နေရာတွေမှာ ထားပါ။

(၂) အေးတဲ့နေရာမှာ ထားပါ

Photo : Beauty Insider Singapore

ရေမွှေးတွေက အမှောင်ကြိုက်သလို အအေးကိုလည်း ကြိုက်ပါတယ်။ ရေမွှေး ပုလင်းတွေကို သိမ်းဆည်းတဲ့အခါ အပူချိန်မြင့်တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ အကြောင်းကတော့ ရေမွှေးကို အချိန်ခဏလေးအတွင်းမှာ ပျက်စီးသွားစေနိုင်လို့ပါပဲ။ တချို့လူတွေက ရေမွှေးပုလင်းတွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းတက်ကြပါတယ်။ ဒါကလည်း မှန်ကန်တဲ့နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အလင်းရောင်တိုက်ရိုက်မထိသလို အပူချိန်လည်းမမြင့်တဲ့ ဗီရိုအတွင်းပိုင်း ဒါမှမဟုတ် အဲကွန်းခန်းတွေထဲမှာ သိမ်းထားတာ ပိုကောင်းပါတယ်။

(၃) ခြောက်သွေ့တဲ့နေရာ ဖြစ်ပါစေ

Photo : iStock

အချို့ အမျိုးသားတွေဟာ အလှအပရေးရာ ထုတ်ကုန်တွေနဲ့အတူ ရေမွှေးပုလင်းတွေကို ရေချိုးခန်းအတွင်းမှာ ထားတက်ကြပါတယ်။ ရေးချိုးပြီးတာနဲ့ အသားအရေ ထိန်းသိမ်းမှုကို တစ်ခါတည်း ရေချိုးခန်းထဲမှာပဲ လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် ရေမွှေးပုလင်းတွေကိုတော့ ရေချိုးခန်းထဲမှာ လုံးဝမထားသင့်ပါဘူး။ စိုထိုင်းဆက ကွီးတို့ရဲ့ရေမွှေးကို ပျက်စီးသွားစေနိုင်လို့ပါ။ အလားတူ စိုစွတ်တဲ့ နေရာတွေထက် ခြောက်သွေ့မှုရှိတဲ့ နေရာတွေမှာပဲ ရေမွှေးတွေကို သိမ်းဆည်းထားသင့်ပါတယ်။

(၄) ရေမွှေး ပုလင်းအဖုံးကို ဖွင့်မထားပါနဲ့

Photo : Freepik

ရေမွှေးပုလင်းတွေကို တစ်ခါသုံးပြီးတာနဲ့ အဖုံးကို ချက်ချင်းပြန်ပိတ်ပေးပါ။ အဖုံးဖွင့်ထားပြီး အချိန်ကြာကြာ ထားမယ်ဆိုရင် လေသလက်ပြီး ရနံ့တွေ ပြိုကွဲသွားစေတက်ပါတယ်။ အလားတူ ခရီးသွားချိန်ဖြစ်ဖြစ် ၊ တစ်နေ့တာအတွင်း တစ်ကိုယ်ရည်သုံးဖို့အတွက်ပဲ ဖြစ်ဖြစ် ရေမွှေးပုလင်းတွေကို သွားလေရာ သယ်မသွားချင်တဲ့အခါ အိတ်ဆောင် Perfume Atomiser တွေထဲ ခွဲထည့်ပြီး သုံးမယ်ဆိုရင်လည်း ရေမွှေးပုလင်းကြီးထဲကနေ Atomiser ထဲကို ပြောင်းတဲ့အခါ ပုလင်းအဖုံးကို ဖွင့်ထားပြီး အချိန်အကြာကြီး စိမ်ပြေနပြေ မလုပ်ပါနဲ့။ ခပ်မြန်မြန်နဲ့ သေချာဂရုတစိုက် လုပ်ဖို့ အကြံပြုချင်ပါတယ်။

(၅) ရေမွှေးပုလင်းတွေကို လှုပ်တာမျိုး ရှောင်ကြဉ်ပါ

Photo : Bigstock

ရေမွှေး ပုလင်းတွေက ဖျော်ရည်ပုလင်းမဟုတ်သလို ချောင်းဆိုးပျောက်ဆေးရည်လည်း မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ရေမွှေးပုလင်းတွေကို သုံးတဲ့အခါ ရှိတ်တာ ၊ လှုပ်တာမျိုး မလုပ်ပါနဲ့။ ရေမွှေးရဲ့ မူလရနံ့တွေ ပြိုကွဲသွားစေနိုင်သလို မတော်တဆ လက်ထဲက လွှတ်ကျသွားရင် ကြေကွဲစရာ ဖြစ်သွားပါလိမ့်မယ်။

Featured Photo : FragranceX.com