စစ်တမ်းတွေအရ ဒီဘက်ခေတ် လူတွေမှာ ပိုပြီး အဖြစ်များလာသလို လူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ အဆိုးဆုံး ရောဂါတစ်ခုကတော့ ကင်ဆာပါပဲ။ National Cancer Institute Trusted Source (NCI) ရဲ့အဆိုအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသလို အသက်သေဆုံးနိုင်ခြေကလည်း ပိုများတယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါ အမျိုးအစားပေါ် မူတည်ပြီး ကနဦး လက္ခဏာ တွေဟာလည်း အမျိုးမျိုး ကွဲပြားနိုင်သလို အချို့ ကင်ဆာအမျိုးအစား တွေမှာဆိုရင် ရောဂါရင့်လာတဲ့အထိ သိသာထင်ရှားတဲ့ လက္ခဏာမျိုး မပြပါဘူး။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ အမျိုးအစားတွေနဲ့ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေအရှိဆုံး လက္ခဏာတွေ အကြောင်း ပြောပြပေးပါမယ်။

(၁) အူလမ်းကြောင်းဆိုင်ရာ အလေ့အထများ ပြောင်းလဲခြင်း

Changes in bowel habits

Photo : MedicalNewsToday

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အပြောင်းအလဲဖြစ်တာဟာ ယေဘုယျအားဖြင့်တော့ စိုးရိမ်စရာမရှိပဲ ဖြစ်တက်တဲ့ သဘောမှာ ရှိပါတယ်။ ဒါပေမယ့် ဝမ်းချုပ်တာ ၊ ဝမ်းသွားများတာ ၊ သွေးဝမ်းသွားတာတွေလို အူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြောင်းလဲမှုဟာ ရေရှည်ဖြစ်လာတယ် ၊ အချိန်အတော်ကြာတဲ့အထိ ဆက်ဖြစ်နေတယ် ဆိုရင်တော့ Inflammatory Bowel Disease (IBD) နဲ့ Irritable Bowel Syndrome (IBS) တို့လို အစာခြေစနစ် ဆိုင်ရာ ပြဿနာတွေရဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ အူမကြီး ၊ ဆီးအိမ်နဲ့ ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အမျိုးအစားအချို့ရဲ့ ကနဦးအစ လက္ခဏာ တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

(၂) ဆီးသွားရခက်ခြင်း

Urination Difficulties

Photo : News-Medical

ဆီးသွားရခက်တာ ၊ ဆီး သို့မဟုတ် သုတ်ရည်မှာ သွေးစပါတာ စတဲ့ အခြေအနေတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်စစ်ဆေး ကုသမှုခံယူ သင့်ပါတယ်။ ဒါဟာ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ American Cancer Society (ACS) ရဲ့အဆိုအရ အမျိုးသား ၈ ယောက်မှာ ၁ ယောက်နှုန်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိတာကြောင့် မပေါ့ဆသင့်ပါဘူး။

(၃) ဝှေးစေ့မှာ ပြောင်းလဲမှု ဖြစ်ခြင်း

Testicular Changes

Photo : Dr Carlos Marois Urologue Privé

အမျိုးသား ကျန်းမာရေး အင်စတီကျု (NIH) က ထုတ်ပြန်တဲ့ စစ်တမ်းအရင်းအမြစ်တွေအရ ဝှေးစေ့ကင်ဆာဟာ အသက် ၁၅ နှစ်ကနေ အသက် ၄၅ နှစ်ကြား အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာရောဂါတွေထဲက တစ်ခုလို့ ဖော်ပြထားပါတယ်။ ဝှေးစေ့ကင်ဆာရဲ့ အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာတွေဟာ သိပ်ပြီး ထင်ထင်ရှားရှား ပြလေ့မရှိပေမယ့် သိသာထင်ရှားတဲ့ လက္ခဏာ တွေထဲကတစ်ခုကတော့ ဝှေးစေ့မှာ အဖုအကြိတ်တွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မတော်တဆ ထိခိုက်မိတာလိုမျိုး အကြောင်းအရင်းမရှိပါပဲ ဝှေးစေ့ နာကျင်တာ အောင့်တာ ၊ ဝှေးစေ့ အရွယ်အစား ပြောင်းလဲတာ ၊ ကပ်ပယ်အိတ်မှာနာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း ဝေဒနာတွေ ခံစားရတာ စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

(၄) ရင်သားမှာ အဖုအကျိတ်များ ထွက်ခြင်း

Breast Lumps

Photo : The Irish Sun

အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သို့သော် အမျိုးသား ရင်သား ကင်ဆာဟာ ဖြစ်တောင်ဖြစ်ခဲ အခြေအနေပါ။ ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ ရင်သား ကင်ဆာရဲ့ ရောဂါ လက္ခဏာ တွေကတော့ ရင်သားအရေပြားတဝိုက်မှာ ရောင်ရမ်းခြင်း သို့မဟုတ် အဖုအပိန့်များ ထွက်ပေါ်ခြင်း ၊ ရင်သားအရေပြား နီမြန်းရောင်ရမ်းခြင်း သို့မဟုတ် ဆူထွက်ခြင်း ၊ နို့သီးခေါင်းမှာ ပြည်တည်နာ ဖြစ်ခြင်း သို့မဟုတ် နိ့သီးခေါင်းမှ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်ခြင်း ၊ နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်ခြင်း စတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ခံစားရနိုင်ပါတယ်။

(၅) အဆက်မပြတ် ချောင်းဆိုးခြင်း

Persistent Cough

Photo : Healthcare Associates

ချောင်းဆိုးတာဟာ အချိန်ကာလအပိုင်းအခြား တစ်ခုမှာ ပျောက်ကင်းသွားရမှာ ဖြစ်ပြီး ဒီလိုမှမဟုတ်ပဲ ဆက်တိုက်ဆိုသလို ချောင်းဆက်ဆိုးနေမယ် အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာနေတယ်ဆိုရင်တော့ ဒါဟာ အဆုတ်ကင်ဆာ အပါအဝင် ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေများစွာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမသိပဲ ဆက်တိုက်အဆက်မပြတ် ချောင်းဆိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြီး စစ်ဆေးမှု ခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ အဆုတ်ကင်ဆာရဲ့ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ လက္ခဏာတွေကတော့ ချောင်းဆိုးရင် သွေးပါခြင်း ၊ ချွဲအများအပြား ထွက်ခြင်း ၊ အသက်ရှူရခက်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်းနဲ့ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

Source : MedicalNewsToday

Featured Photo : Healthline