မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ တောင်ပံကစားသမား လူးဝစ် နာနီ ဟာ လက်ရှိမှာ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း ကစားသမားဘဝကနေ အနားယူခြင်း မရှိသေးပဲ ကစားသမားဘဝရဲ့ (၁၀)သင်းမြောက် အသင်းအဖြစ် မွေးရပ်မြေ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ အခြေစိုက် အစ်စတယ်လာ အန်မာဒိုရာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit: CNN
စပို့တင်းမြို့ရဲ့ အထင်ကရ ကလပ်အသင်း စပို့တင်း လစ္စဘွန်းအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ပေါ်တူဂီ ကစားသမား နာနီဟာ ၂၀၀၇ခုနှစ်မှာပဲ ကစားသမားဘဝရဲ့ အကြီးမားဆုံး အလှည့်အပြောင်းတစ်ခု ဖြစ်လာစေမယ့် ဖြစ်ရပ်တစ်ခုအဖြစ် မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ နာနီ က ယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ညီအစ်ကိုလို့ ထင်ရလောက်အောင် တောင်ပံနှစ်ဖက်လုံးမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အလိမ်အခေါက် ပြေးအား ဖြတ်တင်မှုတွေနဲ့ ဧရိယာပြင်ပကနေ မျက်လုံးပြူးလောက်စရာ ဂိုးကန်သွင်းချက်တွေနဲ့လည်း ပရိသတ်ကို စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသွင်းပြီးရင်လည်း နောက်ဂျွမ်းပစ် အောင်ပွဲခံတာကလည်း တကယ့်ကို အမှတ်တရပါပဲ။
Photo Credit: Stretty News
ဒါပေမယ့် ယူနိုက်တက်မှာ ဂန္တဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားချိန်မှာတော့ နာနီရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့ပြီး ၂၀၁၄မှာ အသင်းကနေ စတင် စွန့်ခွာခဲ့ရပါတယ်။ နာနီ က ယူနိုက်တက်ကနေ စွန့်ခွာရချိန်မှာ အသင်းဟောင်း စပို့တင်း လစ္စဘွန်း ၊ ဖီနာဘာချီ ၊ လာဇီယို ၊ မေဂျာလိဂ်ကလပ် အော်လန်ဒို စီးတီး ၊ ဗင်နီဇီယာ ၊ သြစတြေးလျ အေလိဂ်ကလပ် မဲလ်ဘုန်း ဗစ်ထရီနဲ့ တူရကီကလပ် အဒါနာ ဒီမီယာစပေါအသင်းတွေဆီကို ဆက်တိုက် ပြောင်းရွှေ့ခဲ့ရင်း အခုတော့ ပေါ်တူဂီကလပ် အန်မာဒိုရာဆီကို free transfer နဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit: SPORTbible
ကစားသမားဘဝထဲမှာ ဆုဖလားတွေ အမြောက်အများ ပိုင်ဆိုင်ခဲ့ရပြီး ဥရောပနဲ့ မေဂျာလိဂ်နဲ့ အေလိဂ်တွေအထိပါ ကျင်လည် ဖြတ်သန်းခဲ့ဖူးတဲ့ နာနီ ဟာ အခုတော့ သက်တမ်းနုနယ်သေးတဲ့ လစ္စဘွန်း အခြေစိုက် အစ်တယ်လာ အန်မာဒိုရာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဒီအသင်းမှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်သွားဖို့လည်း ရှိနိုင်ပါတယ်။ အန်မာဒိုရာ အသင်းကတော့ ပေါ်တူဂီ အမှတ်ပေးလိဂ်ဆီ ပြီးခဲ့တဲ့ ရာသီကမှ တန်းတက်လာခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ်ကမှ အသင်းကို စတင် တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
Featured Photo: SPORTbible & Manchester United FC