နည်းပညာတိုးတက်လာသည်နှင့် ကမ္ဘာတစ်ဝှမ်းတွင် လူသားများ မသိရှိသေးတဲ့ နေရာအများအပြား၊ ထူးဆန်းသော နေရာအများအပြားကျန်ရှိနေသေးတယ်ဆိုတာကို သိရှိလာရပါတယ်။ ထိုထူးဆန်းသော နေရာများသည် သာမန်လူသားများ သွားရောက် လည်ပတ် ခွင့်မရအောင် ပြုလုပ်ထားတဲ့ နေရာဒေသ များပဲဖြစ်ပါတယ်။
အချို့နေရာများသည်လည်း သမိုင်းဝင်အမွေအနှစ်များဖြစ်တဲ့အတွက်ကြောင့် မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ရည်ရွယ်ချက်ဖြင့် ပိတ်ပင်ထားတာဖြစ်ပြီး အချို့နေရာများကတော့ အန္တရာယ်များတဲ့အတွက်ကြောင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။
သာမန်လူသားများ သွားရောက် လည်ပတ် လို့မရအောင် ပိတ်ပင်ထားတဲ့ နေရာဒေသများကတော့ …
ပြင်သစ်နိုင်ငံရှိ Lascaux ဂူများ

Lascaux ဂူသည် ရှေးဟောင်းသုတေသနပညာရှင်များအတွက် တန်ဖိုးရှိတဲ့ ရတနာသိုက်တစ်ခုလိုပါပဲ။ ထိုဂူနံရံများထဲတွင် သမိုင်းမတိုင်မီခေတ်က ရေးထိုးထားပြီး နှစ်ပေါင်း ၁၇၃၀၀ သက်တမ်းရှိတဲ့ ပန်းချီများ ရေးဆွဲထားတာဖြစ်ပါတယ်။ ဝမ်းနည်းစရာတစ်ခုကတော့ ထိုဂူများထဲသို့ ဝင်ရောက်လည်ပတ်ခွင့်ကို ၁၉၆၃ ခုနှစ်ကတည်းက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များက ထိုအမွေအနှစ်လက်ရာများ ပျောက်ပျက်သွားမှာစိုးတဲ့အတွက်ကြောင့် ပိတ်ပင်ထားလိုက်ရခြင်းဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များကသာ တူးဖော်ရှာဖွေရေး ပြုလုပ်တဲ့အခါ သွားခွင့်ရမှာဖြစ်ပါတယ်။
Iceland ရှိ Surtsey ကျွန်း

ဒီကျွန်းကတော့ Iceland နိုင်ငံရဲ့ တောင်ဘက်အခြမ်းတွင်တည်ရှိတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။ ထိုကျွန်းသည် မီးတောင်ပေါက်ကွဲရာမှာ ဖြစ်ပေါ်လာတဲ့ ကျွန်းတစ်ခုဖြစ်ပြီး သူ့ရဲ့သက်တမ်းကအခုဆိုရင် ၄ နှစ်ပဲရှိသေးတဲ့ ကျွန်းတ်စခုဖြစ်ပါတယ်။ ဒီကျွန်းကိုလည်းပဲ သိပ္ပံပညာရှင်များနှင့် ပထဝီပညာရှင်များကသာ သွားရောက်ခွင့်ရတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရှိ Ise Grand Shrine

ဒီနေရာကတော့ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးနှင့် ဈေအကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်ပြီး ၈ ရာစုနှစ်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ပျက်စီးမှုကို ထိန်းသိမ်းဖို့ရန်အတွက် အနှစ် ၂၀ အကြာမှာ တစ်ကြိမ်ခန့် ပြန်လည်ပြုပြင် မွမ်းမံလေ့ရှိပါတယ်။ ထိုနေရာကိုတော့ တော်ဝင်မိသားစုတွေကသာ သွားရောက်ခွင့်ရတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ North Brother ကျွန်း

ဒီကျွန်းကတော့ နယူးယော့ခ်မြို့မှာ တည်ရှိတဲ့ကျွန်းတစ်ခုဖြစ်ပြီး လူအရောက်အပေါက်နည်းရာကနေ အခုတော့ စွန့်ပစ်နေရာတစ်ခုဖြစ်သွားတာဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ထိုနေရာသည် ကွာရန်တင်းဆေးရုံတစ်ခုဖြစ်ပြီး တိုက်ဖိုက်လူနာများကို သီးသန့်ထားရှိတဲ့နေရာဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ ဆေးစွဲတဲ့လူနာများအတွက် ဆေးဖြတ်ပြီးနောက် ပြန်လည်ထူထောင်ရေးစင်တာအဖြစ် ထားရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုမှာတော့ ထိုနေရာသည် စွန့်ပစ်ထားတဲ့နေရာတစ်ခုအဖြစ်သာ ကျန်ရှိပါတော့တယ်။
နော်ဝေးနိုင်ငံရှိ Doomsday မီးခံသေတ္တာကြီး

ဒီနေရာကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အပင်အစေ့များကို သိုလှောင်ထားရာနေရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပျက်ကိန်းကြုံရတဲ့အခါ ထိုအစေ့များကို အသုံးပြုဖို့ရန်အတွက်ဆိုပြီး ရည်ရွယ်ကာ ကြာရှည်သိုလှောင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အထူးဧည့်သည်တော်များတောင် ထိုနေရာကို သွားချင်တိုင်းသွားလို့မရဘဲ အစီရင်ခံစာ အဆင့်ဆင့်ဖြင့် သွားရတဲ့နေရာတစ်ခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ Area 51

ထိုနေရာသည် စစ်တပ်ပိုင်မြေတစ်ခုဖြစ်ပြီးး လက်နက်ခဲယမ်းများ၊ လေယာဉ်များ စမ်းသပ်တဲ့နေရာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ သို့သော် ထိုနေရာမှာပဲ ဂြိုလ်သားများ၊ သာမန်မဟုတ်သော အရာများကို ထိန်းသိမ်းထားရှိကြတယ်လို့လည်း ကောလဟလအမျိုးမျိုးထွက်ရှိထားပါသေးတယ်။ ထိုနေရာ တည်ရှိခြင်းကိုလည်း အတိအလင်းကြေညာထားခြင်းမရှိတဲ့အတွက်ကြောင့် ယုံတမ်းစရာတစ်ခုအဖြစ်သာ သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ Qin Shi Huang ဂူသင်္ချိုင်း

ဒီနေရာသည် Qin Shi Huang အင်ပါယာကြီးကို နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် မြှုပ်နှံထားတဲ့ နေရာတစ်ခုဖြစ်ပြီး ရှေါ်ဟောင်းသုတေသနပညာရှင်များအတွက် အခမ်းနားဆုံး ရှာဖွေတွေ့ရှိမှုတစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီနေရာနဲ့ ပတ်သက်ပြီး ထူးခြားဆန်းကြယ်မှုတွေကိုတော့ ယနေ့ထိတိုင် အဖြေမရှာနိုင်ကြသေးဘူးြဖ်စပါတ်ယ။ တရုတ်အစိုးရအနေနဲ့ ရှေးဘိုးဘေးများကို ရိုသေသမှုပြုသောအားဖြင့်သော်လည်းကောင်း၊ ရှေးဟောင်းအမွေအနှစ်များ မပျက်စီးစေဖို့ရန်အတွက်သော်လည်းကောင်း လည်ပတ် သွားလာခွင့် ပိတ်ပင်ထားတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ Niihau ကျွန်း

ဒီကျွန်းမှာတော့ လူဦးရေ ၁၆၀ ဦးသာ တည်ရှိပြီး လူအများ လည်ပတ် သွားလာခွင့် မရှိတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ ဒီနေရာကို သွားချင်တယ်ဆိုရင်တော့ သင်သည် အမေရိကန် ရေတပ်မှာ တာဝန်ထမ်းဆောင်သူ (သို့) ထိုကျွန်းတွင် နေထိုင်သူတစ်ယောက်ယောက်နှင့် ဆွေမျိုးတော်စပ်သူသာဖြစ်ရပါမယ်။ အစိုးရသည် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ရန်အတွက်ဆိုပြီး ထိုနေရာကို အပြင်လူ မဝင်ရောက်နိုင်အောင် ပိတ်ပင်ထားတာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံရှိ မြွေကျွန်း

နာမည်က မြွေကျွန်းဆိုတဲ့အတိုင်းပဲ ထိုကျွန်းပေါ်မှာ အဆိပ်ပြင်းကို လူကို သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတဲ့ မြွေတွေ သောင်းနဲ့ချီပြီး တည်ရှိပါတယ်။ ဘယ်လူသားကမှ ထိုနေရာကို ခြေချရဲမှာ မဟုတ်လောက်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ထိုအချက်ကြောင့်ပဲ ဘရာဇီးအစိုးရက ထိုကျွန်းကို သွားရောက်လည်ပတ်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဂိမ်းတွေထဲကလို အသက်ပေါင်း မြောက်မြားစွာရှိမှသာ အဆင်ပြေပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုရှိ Dulce Base

ဒီနေရာသည် နယူးမက်စီကိုထဲရှိ ကော်လိုရာဒိုနယ်နိမိတ်အနားတွင် တည်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ထိုနေရာတွင် လူဦးရေ ၂၆၀၀ သာတည်ရှိပြီး ထိုမြို့တွင် မြေအောင် စမ်းသပ်ခန်းများ တည်ရှိပါတယ်။ လျှို့ဝှက်တဲ့ စမ်းသပ်မှုများ ပြုလုပ်ကြတဲ့နေရာဖြစ်တဲ့ အားလျော်စွာ လူသိမခံဘဲ တိုးတိုးတိတ်တိတ်သာ ထားရှိပြီး သွားရောက်လည်ပတ်ခွင့်ကိုလည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။
အခုဖော်ပြတဲ့ နေရာတွေသည် ကမ္ဘာတစ်ဝှမ်းအနှံ့ သွားရောက် လည်ပတ် ခွင့် မရတဲ့ နေရာဒေသ များပဲဖြစ်ပါတယ်။ အခြားလည်ပတ်စရာများကိုသာ သွားရောက်လည်ပတ်ပြီး ဒီနေရာများကိုတော့ ယောင်လို့တောင် မသွားမိအောင် နေထိုင်ရမှာပဲဖြစ်ပါတယ်။
Source: Holidify
Featured Image: Cntraveler
