ချယ်လ်ဆီးအသင်းက အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဖရန့် လမ်းပတ် ကို ယာယီနည်းပြ ရာထူးနဲ့ တာဝန်ပေးခဲ့ပြီး နောက်ပိုင်းကတည်းက ပြိုင်ပွဲစုံမှာ ရှုံးပွဲတွေ ကြုံတွေ့လာခဲ့တာဟာ (၆)ပွဲဆက်တိုက်အထိပါပဲ။ ဒါပေမယ့် ဒီလို ရှုံးပွဲ ဆက်နေမှုကိုတော့ မနေ့ညက ဘုန်းမောက်နဲ့ပွဲမှာပဲ အဆုံးသတ်နိုင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Reuters

လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ ရီးယဲလ် မက်ဒရစ်ကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတယ်။ ပရီးမီးယားလိဂ်မှာလည်း ဝုလ်ဗ် ဘရိုက်တန် ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်တို့ကို ရှံးပြန်တယ်။ အဲ့ဒီလို ရှုံးပွဲတွေ ဆက်နေချိန်မှာ ချယ်လ်ဆီးက တန်းဆင်းဇုန်က ကလပ်အသင်းတွေနဲ့ပါ ရမှတ် မတိမ်းမယိမ်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လမ်းပတ်ကိုလည်း ပြန်လည် ထုတ်ပယ်ဖို့ အသင်းနဲ့ သတင်းထွက်နေတဲ့ ပိုချက်တီနိုကို ချက်ချင်း ခန့်အပ်ဖို့တွေအထိပါ တောင်းဆိုလာကြပါတယ်။

chelsea

Photo Credit : We Ain’t Got No History

ဒါပေမယ့် လမ်းပတ် က ချယ်လ်ဆီးအသင်းကို တာဝန်ယူနေတဲ့ (၇)ပွဲမြောက်မှာတော့ lucky seven ဖြစ်သွားခဲ့ရပါတယ်။ ဘုန်းမောက်လို ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း form ကောင်းနေတဲ့ အသင်းကို သူတို့ရဲ့ ဗိုက်တယ်လက်တီကွင်းမှာ သွားရောက် ရင်ဆိုင်ရတာက ချယ်လ်ဆီးအတွက် မလွယ်ကူခဲ့ပဲ ချေပဂိုး ခွင့်ပြုပေးပြီးတဲ့နောက် ဦးဆောင်ဂိုး ထပ်ပေးရမလိုအထိ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်းအတွင်း လူစားဝင်လာကြတဲ့ စတာလင် ဇီယက်ရှ်ရဲ့ individual quality တွေနဲ့ ပွဲချိန် (၈၀)ဝန်းကျင်မှာပဲ သွင်းဂိုး (၂)ဂိုး ထပ်မံ သွင်းယူပြီး လမ်းပတ်လက်ထက် ပထမဆုံး နိုင်ပွဲကို စတင် ပိုင်ဆိုင်ခဲ့ရပါတယ်။

chelsea

Photo Credit : The Independent

လက်ရှိမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ် လက်ကျန် ပွဲ(၄)ပွဲအဖြစ်နဲ့ နော်တင်ဟမ် မန်စီးတီး မန်ယူနိုက်တက် နယူးကာဆယ်တို့ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက် တစ်စုံတစ်ရာမှ မရှိတော့တဲ့ ချယ်လ်ဆီးအနေနဲ့ ဘုန်းမောက်ကို အနိုင်ရထားတဲ့ အရှိန်နဲ့ လက်ကျန် (၄)ပွဲလုံး ဘယ်လို ကစားသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Featured Photo : Sky Sports