လမ်းလျှောက်ခြင်း ဟာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ တချို့အတွက်တော့ လမ်းလျှောက်ခြင်းဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အပြုအမူတစ်ခုဖြစ်ပြီး တချို့ကတော့ နေ့စဉ်လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မိနစ် ၃၀ လောက် လမ်းလျှောက်ဖို့ ရွေးချယ်ကြပါတယ်။ လမ်းလျှောက်ခြင်းဟာ စိတ်အခြေအနေကောင်းစေတာကနေ ကိုယ်အလေးချိန်ကျအောင်ကူညီတဲ့အထိ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပေးပါတယ်။ ဒါပေမယ့် ကွီးရဲ့ ချစ်သူလေးနဲ့အတူ လမ်းလျှောက်ခြင်းဟာ ကွီးရဲ့အချစ်ရေးကိုပါ အထောက်အကူပြုနိုင်တယ်ဆိုတာ သိပါသလား။

ဆက်သွယ်ပြောဆိုဖို့အချိန်ရစေတယ်

Photo : Nlke Folagbade

တချို့လူတွေဟာ ငြိမ်းချမ်းမှုရှာဖွေဖို့နဲ့ ဘဝကနေခေတ္တထွက်ပြေးဖို့ လမ်းတစ်ယောက်တည်းလျှောက်ရတာကို နှစ်သက်ကြပါတယ်။ တချို့ကတော့ လမ်းလျှောက်ရင်းနဲ့ ဂီတနားထောင်တာ ဒါမှမဟုတ် တခြားသူတွေနဲ့စကားပြောတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် လမ်းလျှောက်ရင်းနဲ့ တစ်ယောက်တည်းမနေချင်ဘူးဆိုရင် သင့်ရဲ့အဖော်ကို ခေါ်သွားလိုက်ပါ။ ဒါဟာ သင်တို့နှစ်ယောက်အတွက် တစ်ယောက်နဲ့တစ်ယောက် မိမိတို့ရဲ့နေ့စဉ်ဘဝအကြောင်းတွေကို ပြောဆိုဖို့အချိန်ရစေပါတယ်။ ပထမဆုံး လမ်းလျှောက်တဲ့အချိန်မှာ အရာအားလုံးကို ပြောဖို့မဖြစ်နိုင်ပေမယ့်၊ ဒီအလေ့အထကို ပုံမှန်လုပ်သွားမယ်ဆိုရင် ကွီးချစ်ရတဲ့သူနဲ့အတူ လေကောင်းလေသန့်ရှူရင်း စကားပြောဆိုနိုင်မှာဖြစ်ပါတယ်

ခိုက်ရန်ဖြစ်မှုနဲ့ နားလည်မှု လွဲမှားမှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတယ်

Photo : Medical Xpress

အချစ်ရေးမှာ ဖြစ်ပွားတဲ့ အငြင်းပွားမှုနဲ့ နားလည်မှု လွဲမှားမှုအများစုဟာ ဆက်သွယ်ပြောဆိုမှုမလုံလောက်တာကြောင့် ဖြစ်ရပါတယ်။ ခုနကပြောသလိုပဲ အတူလမ်းလျှောက်ခြင်းဟာ ကွီးတို့နှစ်ယောက်အတွက် တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုဖို့ အချိန်ရစေပါတယ်။ ဒါကြောင့် ကွီးရဲ့ချစ်ရသူနဲ့ သဘောထားကွဲလွဲမှုဖြစ်ပြီးတဲ့နောက်မှာ အတူလမ်းလျှောက်ထွက်တာက ပိုကောင်းပါတယ်။ လမ်းလျှောက်ရင်းနဲ့ စိတ်ကိုရှင်းလင်းပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစွာဆက်သွယ်နိုင်ပါတယ်။ လမ်းလျှောက်ခြင်း ဟာ ကွီးရဲ့ချစ်သူနဲ့အတူ ဒီလိုမျိုးအချိန်နဲ့အခွင့်အလမ်းကို ပေးစွမ်းနိုင်ပါတယ်။ လူသူများပြားတဲ့နေရာတွေမဟုတ်ဘဲ သဘာဝအလှတရားရှိတဲ့လမ်းတွေမှာ လမ်းလျှောက်ရင်းနဲ့ စကားပြောဆိုဖို့ ပိုမိုလွယ်ကူစေပါတယ်။

ပိုက်ဆံချွေတာနိုင်တယ်

Photo : Medium

လမ်းလျှောက်ရင်းနဲ့ အတူအချိန်ဖြုန်းတာဟာ စရိတ်သက်သာပြီး အဓိပ္ပာယ်ရှိတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကွီးရဲ့အဖော်နဲ့အတူ စျေးကြီးတဲ့ ညစာစားပွဲတွေကို မျှော်လင့်နေမိတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကွီးရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် အဲဒီလိုမျိုးတွေ အမြဲလုပ်နေဖို့မလိုပါဘူး။ မုန့်တစ်ခုခုယူပြီး မနက်ခင်းနဲ့ညနေခင်းမှာ အတူလမ်းလျှောက်ထွက်လိုက်ပါ။ ဒါမှမဟုတ် အနီးအနားက လမ်းတွေမှာ လမ်းလျှောက်ရင်းနဲ့ ချစ်သူနဲ့အတူ အချိန်ဖြုန်းလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ နေ့အဆုံးမှာ အတူတူရှိနေတာဟာ အရာအားလုံးထက်ပိုပြီး အရေးကြီးလို့ပါပဲ။

ခန္ဓာကိုယ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်

Photo : Moxie Family Theaphy

ကွီးနဲ့ ကွီးရဲ့ချစ်သူလေးနှစ်ယောက်လုံးဟာ ကျန်းမာရေးကို အလေးထားသူတွေဆိုရင် ဒီအကြောင်းတွေကို မဖတ်ရင်တောင် အတူလမ်းလျှောက်ဖို့ ရွေးချယ်မိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ လမ်းလျှောက်ခြင်းဟာ ကိုယ်အလေးချိန်ကျဖို့၊ စိတ်ဖိစီးမှုလျော့ကျဖို့နဲ့ စိတ်အခြေအနေကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်စေလို့ပါ။ ဒါကြောင့် ကွီးရဲ့ချစ်ရဆုံးလေးကို ဂရုစိုက်တဲ့အနေနဲ့ အတူလမ်းလျှောက်ပေးတာဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ ကွီးနဲ့ ကွီးရဲ့ချစ်သူကြား ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ ကွီးရဲ့ချစ်သူနဲ့အတူလုပ်သင့်တဲ့ အကောင်းဆုံးလှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

Source – Life & Trendz

Featured Photo : The List