ခါရာဘောင်း လိဂ်ဖလားပြိုင်ပွဲကတော့ တတိယအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တတိယအဆင့်ကို ရောက်ပြီဆိုတာနဲ့ ပရီးမီးယားလိဂ်က အသင်းအချင်းချင်း ထိပ်တိုက် တွေ့ဆုံတက်ကြတယ် ဆိုပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေပါ ပေါ်ထွက်လာခဲ့ရပါတယ်။ ဒီပွဲတွေအကြောင်းကို လေ့လာကြည့်လိုက်ရအောင်ခင်ဗျာ။
Photo Credit : The Sun
လိဂ်ဖလားပြိုင်ပွဲရဲ့့ ဒုတိယအဆင့် ပွဲစဉ်တွေအပြီး တတိယအဆင့်အတွက် မဲခွဲရာ လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အသင်းက ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ဆုံတွေ့နေပြီး ဒီနေ့ည (၁)နာရီခွဲအချိန်မှာပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ နယူးကာဆယ် နဲ့ မန်စီးတီး ၊ ချယ်လ်ဆီး နဲ့ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် နဲ့ အာဆင်နယ် တို့လို ပွဲကောင်းတွေများစွာ ပါဝင်လို့နေပြီး လီဗာပူးလ်ကတော့ ချန်ပီယံရှစ်ကို ရောက်ရှိနေတဲ့ လက်စတာနဲ့ ဆုံတွေ့ရမှာဖြစ်လို့ ပွဲချောင်နေပါတယ်။ စပါးအသင်းကတော့ ပြီးခဲ့တဲ့ ဒုတိယအဆင့်မှာ လန်ဒန်မြို့ခံကလပ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရရင်း ပင်နယ်တီ အဆုံးအဖြတ်မှာပဲ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရပါတယ်။
Photo Credit : AS Diario
လိဂ်ဖလား တတိယအဆင့်မှာ နယူးကာဆယ် နဲ့ မန်စီးတီးအသင်းတို့ တွေ့ဆုံတဲ့ပွဲစဉ်နဲ့ ချယ်လ်ဆီး နဲ့ ဘရိုက်တန်တို့ ပွဲတွေက ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ်တွေ ဖြစ်လာနိုင်ပါတယ်။ တောက်လျှောက် နိုင်ပွဲတွေဆက်နေတဲ့ စီးတီးကို နယူးကာဆယ်တို့ ဟန့်တားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ weekend ကမှ ရှက်ဖီးကို (၈)ဂိုးတောင် သွင်းယူထားတဲ့ ငှက်ကျားတွေ ဒဏ်ရာ ပွဲပယ် ပွဲပန်းဒဏ်တွေ ခံနေရတဲ့ မန်စီးတီးကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာ လုံးဝ စိတ်ဝင်စားစရာပါ။
Photo Credit : Bola
ပရီးမီးယားလိဂ်မှာ ရလဒ်တွေ အတော်လေးကို ဆိုးရွှားနေတဲ့ ချယ်လ်ဆီးကလည်း ပြည်တွင်း ဆုဖလား လမ်းကြောင်းတစ်ခုမှာ ဘယ်အခြေအနေအထိ ရှိသွားနိုင်မလဲ ၊ အမှတ်ပေးပွဲတွေအတွင်း ရလဒ်မကောင်းနေမှုကို ရှုံးထွက်ဖလားပွဲမှာ ဘယ်လို ချေဖျက်ပြသွားနိုင်မလဲ ဆိုတာတွေက စောင့်ကြည့်သွားချင်စရာပါ။ ခက်တာက သူတို့ ရင်ဆိုင်ရမယ့် အသင်းဟာ ဘရိုက်တန် ဖြစ်နေပါတယ်။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ လိဂ်ဖလားပွဲတွေကို ဒီနေ့ နဲ့ မနက်ဖြန်ညတွေမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။
Featured Photo : The Sun