မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက ဒီကြားရက်မှာ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ခါရာဘောင်း လိဂ်ဖလား တတိယအဆင့်ပွစဉ်အတွင်း သူကိုယ်တိုင်ပါ ပါဝင်ကစားသွားရနိုင်တယ်လို့ အရွှန်းဖောက်ပြီး ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : TNT Sports
လက်ရှိ မန်စီးတီးအသင်းမှာ ဒဏ်ရာရ ကစားသမားစာရင်းထဲမှာ ကီဗင် ဒီဘရိုင်းနား ၊ ဂျွန် စတုန်းစ် ၊ ဘာနာဒို ဆေးလ်ဗား နဲ့ မက်တီအို ကိုဗာဆစ်တို့ ရှိနေပြီး ပွဲပန်းနေတဲ့ ကစားသမားတွေ များစွာလည်း ရှိနေတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ရိုဒရီဟာလည်း နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာပဲ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံထားရလို့ အခု နယူးကာဆယ်နဲ့ ပွဲစဉ်အပါအဝင် (၃)ပွဲခန့်အထိ ပွဲပယ်ခံရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Football Espana
ဒီအခြေအနေမှာ ဂွာဒီယိုလာက “မိနစ်တွေ အများကြီး ကစားထားရတဲ့ ကစားသမားတချို့က နယူးကာဆယ်နဲ့ပွဲကို ကစားရတော့မှာ မဟုတ်ပါဘူး။ ခါရာဘောင်းဖလား ပွဲစဉ်ဆိုတာက အသင်းမှာ ပုံမှန် ကစားခွင့် သိပ်မရတဲ့ ကစားသမားတွေအားလုံးအတွက် အရမ်းကောင်းတဲ့ ပြိုင်ပွဲမျိုးပါ။ သူတို့အတွက် ကစားခွင့်ရတဲ့ ပြိုင်ပွဲဖြစ်တာမို့ ဒါက အရမ်းကောင်းပါတယ်။ ဒါပေမယ့် တခြား ကစားသမားတွေအတွက်တော့ ခါရာဘောင်းဖလားပွဲမှာ တစ်မိနစ်လေးတောင် အသုံးမပြုချင်ပါဘူး။ ဒီကစားသမားတွေရဲ့ စွမ်းအင်ကို မဆုံးရှုံးစေချင်လို့ပါ။ ဒီယက်စ်တို့ ဝေါ်ကာတို့ဆိုရင် အသင်းအတွက် ကျွန်တော်တို့ အသင်းအတွက်ရော သူတို့ရဲ့ လက်ရွေးစင် အသင်းတွေအတွက်ပါ ပွဲချိန်ပြည့် ကစားထားရတာ။ သူတို့ အရမ်းပွဲပန်းနေကြပါပြီ။”
Photo Credit : TEAMtalk
“ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ လိုအပ်လာမယ်ရင် အကယ်ဒမီက ကစားသမားလေးတွေကို အသုံးပြုကောင်း သုံးလာရနိုင်သလို ကျွန်တော်ကိုယ်တိုင်လည်း ကျောက သက်သာလာပြီမို့ မိနစ်အနည်းငယ်လောက်တောင် ပွဲကို ဝင်ထိန်းကောင်းထိန်းသွားနိုင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးက ဒီရာသီမှာ အာဆင်နယ်နဲ့ ကစားခဲ့ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာသာ ရှုံးပွဲတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် (၆)ပွဲ ချန်ပီယံလိဂ် (၁)ပွဲ စုစုပေါင်း (၇)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲတွေ ဆက်ထားခဲ့ရပါတယ်။
Featured Photo : Goal