Minecraft ဂိမ်းဟာ လူငယ်တွေကြားမှာတော့ ရေပန်းစား အောင်မြင်ပြီးသား ဂိမ်းတစ်ခုပါ။ ဒီဂိမ်းက ကစားတဲ့ Players တွေကို ထူးခြားတဲ့ ခံစားမှုအသစ်အဆန်းတွေ ပေးစွမ်းနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး မျှော်လင့်မထားတဲ့ အတွေ့အကြုံတွေ ၊ မှန်းဆမရနိုင်တဲ့ စွန့်စားမှုတွေနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးပြီး ကစားရတဲ့ ရင်ခုန်ပျော်ရွှင်စရာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Minecraft ဂိမ်းဟာ လူကြိုက်များသလို YouTube ပေါ်မှာလည်း Minecraft နဲ့ ပတ်သတ်တဲ့ ဗီဒီယို Content တွေကလည်း ကြည့်ရှု့သူ ၁ ထရီလီယံကျော် ရရှိခဲ့တဲ့အထိ အောင်မြင်မှု အကြီးအကျယ်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီထဲကမှ Minecraft ချစ်သူတွေ သိထားသင့်တဲ့ YouTube ပေါ်က စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ လူကြိုက် အများဆုံး Minecraft YouTubers ၅ ဦး အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) DanTDM
Source : DanTDM
DanTDM က Minecraft YouTuber တွေထဲမှာတော့ နာမည်အကြီးဆုံးလို့ ပြောရမှာပါ။ နာမည်အရင်းက Daniel Robert Middleton ဖြစ်ပြီး နာမည်ကြီးတဲ့ YouTuber တစ်ဦးအဖြစ် လူသိများတဲ့အပြင် ဂီတပညာရှင် ၊ သရုပ်ဆောင်နဲ့ စာရေးဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ DanTDM Live ၊ DanTDM Shorts စတဲ့ Channel တွေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး ဂိမ်းတွေအကြောင်း တင်ဆက်နေခဲ့ကာ အခုဆိုရင် သူရဲ့ YouTube Channel မှာ ဗီဒီယိုပေါင်း ၃၅၀၀ ကျော်ကို တင်ထားခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ Kids’ Choice Awards ဆုပေါင်းများစွာကိုလည်း ရရှိထားပြီး ဂိမ်းကစားခြင်းနဲ့ ဂိမ်းတင်ဆက်ခြင်းအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်လည်း တင်ခဲ့ဖူးတဲ့ တကယ့်ကို ထူးချွန်တဲ့ YouTuber တစ်ဦးပဲ ဖြစ်ပါတယ်။ သူရဲ့ ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၁၆.၅ မီလီယံ အထိ ရရှိနေပါတယ်။
(၂) Dream
Source : Dream
Youtuber တစ်ဦးဖြစ်သလို Twitch Streamer တစ်ဦးလည်း ဖြစ်တဲ့ Dream ကတော့ Minecraft ကစားတဲ့နေရာမှာ အတော်ဆုံးလို့ ပြောရမယ့်သူ ဖြစ်ပါတယ်။ Dream ၊ DreamXD ၊ Dream Team ၊ Dream shorts ၊ Dream Music နဲ့ အခြားသော Channel များစွာကိုလည်း ဖွင့်ထားပါတယ်။ သူဟာ Minecraft နဲ့ပတ်သတ်တဲ့ ဗီဒီယိုများစွာကို ဖန်တီးထားပြီး ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ပိုပြီးလူသိများ ကျော်ကြားလာခဲ့ပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဂိမ်းနဲ့ ပတ်သတ်ပြီး Youtube ကနေ ချီးမြင့်တဲ့ ဆုတွေကိုလည်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သူရဲ့ နောက်ဆုံး Minecraft Manhunt ကို တင်ခဲ့ပါတယ်။ Dream ရဲ့ ဗီဒီယိုတိုင်းဟာ ကြည့်ရှုသူတွေထံကနေ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ အားပေးကြိုက်နှစ်သက်မှု များစွာကို ရရှိထားဆဲ ဖြစ်ပါတယ်။
(၃) Jelly
Source : Jelly
Jelly ကိုတော့ ဗီဒီယိုဂိမ်း ဒီဇိုင်းဆွဲခြင်းနဲ့ ဂိမ်း Vlogs တွေကြောင့် လူသိများပါတယ်။ သူ့ကို နယ်သာလန်နိုင်ငံ ၊ Limburg ပြည်နယ် ၊ Roermond မြို့မှာ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ မွေးခဲ့ပြီး နာမည်အရင်းကတော့ Jelle Van Vucht ဖြစ်ပါတယ်။ ငယ်စဉ်က Eindhoven မှာ ရုပ်မြင်သံကြား သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပေမယ့် ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ အားသာနေတာကြောင့် ကျောင်းဆက်မတက်တော့ပဲ ၂၀၁၄ ခုနှစ်က စတင်ပြီး YouTuber လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း လာခဲ့တာဖြစ်ပါတယ်။ လက်ရှိသူရဲ့ YouTube Channel မှာ Subscribers ပေါင်း ၂၂.၇ သန်းရှိပြီး ကြည့်ရှု့သူ ၁၃ ဘီလီယံရှိတဲ့ အောင်မြင်တဲ့ ဂိမ်း YouTuber တစ်ဦးပဲ ဖြစ်ပါတယ်။
(၄) CaptainSparklez
Source : CaptainSparklez
CaptainSparklez ရဲ့ နာမည်အရင်းကတော့ Jordan Maro ဖြစ်ပါတယ်။ သူဟာ YouTuber တစ်ဦးဖြစ်တဲ့အပြင် Twitch Streamer ၊ အီလက်ထရောနစ် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Channel ဟာ YouTube ပေါ်မှာ Subscribe လုပ်သူအများဆုံး Channel တွေထဲကတစ်ခုဖြစ်ပြီး ကြည့်ရှုသူစုစုပေါင်း ၁၁.၃ သန်းကျော် Subscribe လုပ်ထားပါတယ်။ Maron ဟာ တကယ်ကို အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး Minecraft-Themed သီချင်းတွေနဲ့ ဂီတဗီဒီယိုများစွာကိုလည်း ဖန်တီးထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ Forbes 30 Under 30 List မှာ ဖော်ပြခြင်းခံခဲ့ရပြီး နောက်ပိုင်းမှာ XREAL လို့ခေါ်တဲ့ မိုဘိုင်းဂိမ်းကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
(၅) PrestonPlayz
Source : PrestonPlayz
PrestonPlayz ဟာ အမေရိကန်လူမျိုး YouTuber တစ်ဦးဖြစ်ပြီး နာမည်အရင်းကတော့ Preston Blaine Arsement ဖြစ်ပါတယ်။ သူဟာ ဂိမ်းကစားခြင်းကို အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ ရွေးချယ်ခဲ့ပြီး PrestonGamez ၊ Preston နဲ့ TBNRfrags လို့ခေါ်တဲ့ အခြား Youtube Channel များစွာကိုလည်း ထောင်ထားပါတယ်။ သူရဲ့ ထူးခြားချက်ကတော့ အမြဲတက်တက်ကြွကြွနဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဂိမ်းကစားလေ့ရှိပြီး သူရဲ့ သူငယ်ချင်းတွေ အားလုံးဟာလည်း Gaming နယ်ပယ်ထဲက နာမည်ကြီး YouTubers တွေပဲ ဖြစ်ပါတယ်။ လက်ရှိ Preston ရဲ့ အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၂ သန်းဝန်းကျင် ရှိပြီး အချိန်တိုအတွင်းမှာတင် သူရဲ့ Youtube Channel ပေါ်မှာ ဗီဒီယိုပေါင်း ၃၈၀၈ ဝန်းကျင်ကို ဖန်တီးတင်ဆက်ထားခဲ့ပါတယ်။
Featured Photo : Siachen Studios
