ကွီးတို့ ဘဝတစ်လျှောက်လုံးမှာ လူပေါင်းမြောက်မြားစွာနဲ့ ပေါင်းသင်းဆက်ဆံရမှာပဲဖြစ်ပါတယ်။ ထိုလူတွေထဲမှာ စိတ်ထားဖြောင့်မှန်တဲ့ လူသားတွေလည်း ပါသလို စိတ်ထား ကောက်ကျစ်တဲ့ အဆိပ်အတောက်လို လူသားတွေလည်း ပါနိုင်ပါတယ်။ အဆိပ်အတောက်ဆန်တဲ့ လူသား တွေသည် ကွီးတို့ ဘဝ အတွက် မကောင်းတဲ့ ဖြစ်တည်မှုတစ်ခုပဲဖြစ်တာကြောင့် ရေရှည်မှာ ပေါင်းသင်းလို့ မသင့်တော်ပါဘူး။
အဆိပ်အတောက်ဆန်တဲ့ လူသားတွေသည် ဘယ်လိုလူမျိုးလဲ။
အဆိုးမြင်စိတ်များ ပြည့်နှက်နေတဲ့ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်နိုင်သလို၊ ကိုယ့်ရဲ့ အချိန်ကို မလေးစားတဲ့ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကို ချုပ်ကိုင်ခြယ်လှယ်နိုင်လွန်းတဲ့ သူဌေး တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝထဲကလည်း အပြီးအပိုင် ထုတ်ပစ်လို့ရတဲ့သူမျိုးလည်း မဟုတ်ဘူးဆိုတော့ ကွီးတို့အနေနဲ့ ဘယ်လိုလုပ်မလဲ။ ကိုယ့်ဘဝအတွက် ဘာမှမဖြစ်ပါဘူးလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကွီးတို့ရဲ့ ကျန်းမာရေးအတွက်ရော အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။
စစချင်းမှာတော့ သူတို့သည် ကွီးတို့ရဲ့ အချိန်နဲ့ စွမ်းအင်များကို တဖြည်းဖြည်း ဝါးမြိုသွားမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကွီးတို့ရဲ့ ဒေါသကို လာဆွနေမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းသွားအောင် တွန်းပို့နေမှာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့သော အဆိပ်အတောက်ဆန်တဲ့ လူသား တွေကို ကိုယ့် ဘဝ ထဲကနေ ဘယ်လိုမျိုး မောင်းထုတ်ပစ်နိုင်မလဲ။
အရင်ဦးဆုံး ကိုယ့်ရဲ့ ခံစားချက်ကို ဖော်ပြပါ
ကွီးတို့ရဲ့ ခံစားချက်များကို စုပုံထားပြီး တစ်ချိန်ချိန်မှာ ပေါက်ကွဲလာတာမျိုး မဖြစ်စေချင်ဘူးမလား။ ဒါဆိုရင်တော့ သူတို့နဲ့ ပတ်သက်တဲ့ ကွီးတို့ရဲ့ ခံစားချက်ကို သူတို့ သိရှိသွားအောင် ဖော်ပြသင့်ပါတယ်။ သူတို့က ဒေါသတကြီး ပြန်လည်တုန့်ပြန်တဲ့အခါမှာလည်း ကိုယ့်ဘက်က ဒေါသနဲ့ ပြန်မတုန့်ပြန်မိဖို့လိုအပ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ကိုယ်ရေး ကိုယ်တာကိစ္စဖြစ်တဲ့အတွက်ကြောင့် လူမြင်ကွင်းမှာ ရှင်းတာထက် Private ဆန်တဲ့ နေရာမှာ ဖြေရှင်းတာက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံးပါပဲ။
သူတို့ရဲ့ အပြုအမူများကို မပြောင်းလဲဘူးဆိုရင်
ကိုယ်က အခြေအနေအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောထားတာတောင်မှ သူ့ဘက်က အမူအကျင့်တွေက အရင်အတိုင်းပဲ ဘာမှ ပြောင်းလဲမှာ မရှိဘူးဆိုရင် ကွီးတို့သည် သူတို့နဲ့ ခပ်ခွာခွာသာ နေရပါမယ်။ ဆိုလိုတာကတော့ အဆက်အသွယ်ဖြစ်ပစ်ရမှာ ဖြစ်ပါတယ်။ သူ့ဘက်က ဆက်သွယ်တယ်ဆိုရင်တောင်မှ မလွဲသာတဲ့ အခြေအနေမျိုးမှသာ ပြန်လည်ဆက်သွယ်သင့်ပါတယ်။ တကယ်လို့ ထိုသူက ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တယ်ဆိုရင် သူနဲ့ ကိုယ်ကြား Space တစ်ခု ခြားထားပါ။ ဆိုရှယ်မီဒီယာပေါ်ကနေ Unfollow လုပ်ပစ်နိုင်သလို တစ်လမှာ တစ်ကြိမ်၊ တစ်နှစ်လုံးမှာမှ နှစ်ကြိမ်လောက် တွေ့ဆုံတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
စည်းတစ်ခုခြားထားပါ
လူသားတွေရဲ့ သဘာဝအရ မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်တတ်ကြတဲ့ ညာဥ်ဆိုးတစ်ခုရှိပါတယ်။ ကိုယ်က သူ့ကို “ငါ့ဘဝထဲက ထွက်သား၊ မလာနဲ့” လို့ ပြောရင် တစ်ဖက်က ကွီးတို့ ဘဝထဲထိ နစ်ဝင်သွားအောင် ကြိုးစားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က သူ့ကို ခါးခါးသီးသီး ဖြစ်နေမယ့်အစား တံတိုင်းတစ်ခုခြားထားပြီး အပေါ်ယံသာ ဆက်ဆံမယ်ဆိုရင် တစ်ဖက်လူကလည်း ကြာလာရင် တဖြည်းဖြည်း ငြီးငွေ့သွားပြီး ကွီးတို့ ဘဝထဲက တစ်ဖြည်းဖြည်း ပျောက်သွားမှာပဲဖြစ်ပါတယ်။
အကောင်းမြင်စိတ်ရှိသူများနဲ့ များများ အချိန်ကုန်ဆုံးပါ
ကွီးတို့ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို မကောင်းမြင်စိတ်ရှိတဲ့သူတွေ၊ အဆိပ်အတောက်ဆန်တဲ့ လူသားတွေအတွက် အသုံးပြုတာထက်စာရင် အကောင်းမြင်စိတ်ရှိသူများနဲ့ များများ အချိန်ကုန်ဆုံးပါ။ အကောင်းမြင်စိတ်ရှိတဲ့သူတွေသည် ကွီးတို့ကို စိတ်ဓာတ်ကျအောင်လို့ စကားလုံးတွေနဲ့ ထိုးနှက်မှာမဟုတ်ပါဘူး။ တစ်ခုခု ဝေဖန်စရာရှိတယ်ဆိုရင်တောင် ကွီးတို့ကို အပြုသဘောဆောင်တဲ့ နည်းနဲ့ ဝေဖန်ပေးမှာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ အကောင်းမြင်စိတ်ရှိသူနဲ့ အဆိပ်အတောက်ဆန်တဲ့သူတို့အကြား ကွာခြားချက်ပဲ ဖြစ်ပါတယ်။
ကွီးတို့ရော အဆိပ်အတောက်များနဲ့ ပြည့်နှက်နေတဲ့ လူသား တွေကို ကိုယ့် ဘဝ ထဲက အပြီးအပိုင်နှင်ထုတ်ဖို့ အသင့်ဖြစ်ပြီလား။
Source: Delawarepsychologicalservices
Featured Image: Freepik