ကွီးတို့ရေ ခရီးဝေးတွေ၊ နိုင်ငံခြားခရီးစဉ်တွေ သွားတော့မယ်ဆိုရင် လေယာဉ် ကို မဖြစ်မနေ စီးရပါတော့မယ်။ အလုပ်ကိစ္စနဲ့ပဲ ခရီးသွားသည် ဖြစ်စေ၊ အပျော်ခရီးသွားသည် ဖြစ်စေ၊ ခရီးစဉ်အစမှ အဆုံးထိ အဆင်ပြေချောမွေ့နေမှသာ စိတ်ကျေနပ်မှု အပြည့်အဝရပြီး ပျော်ရွှင်ရတဲ့ ခရီးတစ်ခု ဖြစ်မှာပါ။ ခရီးတစ်ခု သွားပြီဆိုရင် ကြိုတင်စီစဉ်စရာတွေကတော့ အများကြီးပါ။ ဒီအထဲမှာ လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် ပိုပြီးသတိထား ပြင်ဆင်စရာလေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေယာဉ်နဲ့ ခရီး သွားမယ့်သူများအတွက် သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
လေယာဉ်လက်မှတ်နဲ့ အရေးကြီး စာရွက်စာတမ်းများ
Photo : IBA
ဘယ်ကိုပဲ ခရီးသွားသွား အခြေခံလိုအပ်ချက်တွေကို ပထမဦးစွာ ပြင်ဆင်ရပါမယ်။ လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် ပြည်ပဖြစ်စေ၊ ပြည်တွင်းဖြစ်စေ အရင်ဆုံး ခရီးစဉ်အတွက် လေယာဉ် လက်မှတ်ကို ဝယ်ယူရပါမယ်။ နိုင်ငံရပ်ခြား ခရီးသွားမယ်ဆိုပါက ပတ်စ်ပို့၊ ကိုယ်သွားမည့် နိုင်ငံအတွက် ဗီဇာများ၊ ဆိုက်ရောက်အခွန်၊ လိုအပ်သော ခရီးသွား စာရွက်စာတမ်းများ စတာတွေကို ပြင်ဆင်ပါ။ ထိုစာရွက်စာတမ်းများကို ဓာတ်ပုံရိုက်ယူပြီး သိမ်းဆည်းထားသင့်တဲ့ အပြင် အပို မိတ္တူများလည်း ကူးယူထားသင့်ပါတယ်။ ခရီးထွက်မထွက်ခွာခင် အနည်းဆုံး တစ်ရက်အလိုခန့်မှာ တစ်ခေါက်ပြန်လည် စစ်ဆေးပြီး အဆင်သင့်လုပ်ထားပါ။
သတ်မှတ်ချက်များနဲ့ အညီ ခရီးဆောင်အိတ်ကို သေချာထုတ်ပိုးပါ
Photo : Booking.com for Business
ခရီးဆောင်အိတ်တွေကို ထုတ်ပိုးတဲ့နေရာမှာ ကိုယ်ဝယ်ယူထားတဲ့ လေကြောင်းလိုင်းရဲ့ ခရီးဆောင်အိတ် ကန့်သတ်ချက်များကို စစ်ဆေးပြီး အလေးချိန်မည်မျှခွင့်ပြုမည်ကို သိထားရန် လိုအပ်ပါတယ်။ ဒါ့အပြင် ခရီးဆောင်အိတ်ထဲမှာ သယ်ဆောင်လို့မရတဲ့ အရာတွေ၊ လက်ဆွဲအိတ်ထဲမှာ သယ်ဆောင်လို့မရတဲ့ အရာတွေကိုလည်း သိရှိဖို့လိုပါတယ်။ ဒီအရာတွေကို သိရှိထားပြီးမှသာ ခရီးဆောင်အိတ်ကို ထုတ်ပိုးပါ။ ဥပဒေနှင့်မညီသော တားမြစ်ပစ္စည်းများကို သယ်ဆောင်မိခြင်း မရှိစေရန် သေချာပါစေ။ လေကြောင်းလိုင်းရဲ့ သက်ဆိုင်ရာ ဝဘ်ဆိုက်တွင် ခွင့်ပြု/တားမြစ်ထားသော အရာများကို ကြိုတင်လေ့လာပါ။
လေဆိပ်ကို အနည်းဆုံး ၂ နာရီ သို့မဟုတ် ၃ နာရီခန့် ကြိုရောက်ဖို့ လိုပါတယ်
Photo : Vista Create
လေကြောင်းလိုင်း တော်တော်များများက လေယာဉ်မထွက်ခွာမီ ၂ နာရီ သို့မဟုတ် ၃ နာရီအတွင်း Check-in ဝင်ရလေ့ရှိပါတယ်။ ထို့ကြောင့် စီးနင်းရန် စီစဉ်ထားသော လေယာဉ်မထွက်ခွာမီ အနည်းဆုံး ၂ နာရီ သို့မဟုတ် ၃ နာရီအလိုတွင် လေဆိပ်သို့ရောက်ရှိနေကြောင်း သေချာပါစေ။ လေဆိပ်တွေမှာ အဆင့်ဆင့်သော လုပ်ငန်းစဉ်များအတွက် အချိန် လိုအပ်ပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံရေး စစ်ဆေးမှုတွေလည်း လုပ်ရမှာ ဖြစ်တဲ့အတွက် အချိန်မှီရောက်နေဖို့ အရေးကြီးပါတယ်။
လက်ထဲမှာ လိုအပ်သည်များကို အဆင်သင့်ကိုင်ထားပါ
Photo : Create
ကွီးတို့ Check-in ဝင်ပြီးပြီဆိုတာနဲ့ Immigration ကို ဖြတ်ရမှာ ဖြစ်တဲ့အတွက် လက်ထဲမှာ ပတ်စပို့၊ လေယာဉ်လက်မှတ် စတာတွေကို အဆင့်သင့်ကိုင်ထားပါ။ ဒါမှသာ လေဆိပ်မှာ တစ်ဆင့်ပြီး တစ်ဆင့်ဖြတ်ကျော်တဲ့အခါ အဆင်ပြေချောမွေ့ မြန်ဆန်မှာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူများကို ရှောင်ပါ
Photo : The Irish Sun
ကွီးတို့အနေနဲ့ လေယာဉ်ပေါ်ရောက်ဆိုရင်လည်း ကိုယ့်အပြုအမူကို သတိထားပါ။ မယဉ်ကျေးတဲ့ အပြုအမူမျိုးကို ရှောင်ပါ။ နံရံ သို့မဟုတ် ခရီးသည်များရဲ့ ထိုင်ခုံပေါ် ခြေထောက် တင်ခြင်း၊ စကားကို ကျယ်ကျယ်လောင်လောင် ပြောခြင်း၊ ဖုန်းကို အသံကျယ်ကျယ်ဖြင့် အသုံးပြုခြင်းစတဲ့ အခြားသူများကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူမျိုးကို ရှောင်ကြဉ်ဖို့လိုပါတယ်။
လေယာဉ်နဲ့ ခရီး သွားမယ့် ကွီးတို့အတွက် အထောက်အကူပြုမယ့် အချက်လေး အချို့ကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့လည်း အတွေ့အကြုံနဲ့ အသုံးဝင်မယ့် အချက်လေးတွေ သိထားရင် ကော်မန့်မှာ ဝေမျှပေးခဲ့နိုင်ပါတယ်။
Featured Photo : Healthline