လှုပ်ရှားမှု နည်းလွန်းတဲ့ ကွီးတို့အနေနဲ့ အချိန်ကြာလာတဲ့အခါ ခံစားရမယ့် ကျန်းမာရေး ဆိုးကျိုးတွေက အများကြီးပါပဲ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နောက်ဆက်တွဲ နှလုံးရောဂါ၊ အဝလွန်ရောဂါ အစရှိတဲ့ ရောဂါများက ကွီးတို့ လှုပ်ရှားမှုနည်းလို့ ဖြစ်လာရတဲ့ နောက်ဆက်တွဲဆိုးကျိုးများပဲဖြစ်ပါတယ်။ ဒီလိုမျိုး လှုပ်ရှားမှု နည်းလွန်းတဲ့ ကွီးတို့အတွက် ရွှေ ထက် တန်ဖိုးရှိတဲ့အရာတစ်ခုရှိပါတယ်။
လေ့ကျင့်ခန်း လုပ်လို့ လုပ်နေမှန်းမသိဘဲ ကွီးတို့ရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာများနဲ့ တွဲလုပ်လို့ရပါတယ်။
(၁) လှေကား အတက်အဆင်း ပြုလုပ်တဲ့အခါ စက်လှေကား၊ ဓာတ်လှေကား အသုံးမပြုပါနဲ့
ကွီးတို့က အထပ်မြင့် တိုက်ခန်းမှာ နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ရုံးတည်နေရာက အထပ်မြင့် တိုက်ခန်းမှာ တည်ရှိနေရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ် ထွက်ရင်၊ ရှော့ပင်းထွက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အခွင့်ကြုံရင် ကြုံသလို ရိုးရိုးလှေကား အသုံးပြုရပါမယ်။
ရိုးရိုးလှေကား အသုံးပြုခြင်းအားဖြင့် ကွီးတို့ ခန္ဓာကိုယ်ရှိ အဆီပိုများ ပြုတ်ပြုတ်ပြုန်းသွားပြီး တစ်နေကုန် နေရ ထိုင်ရတာသည်လည်း လွတ်လပ်ပေါ့ပါးလာမှာ အမှန်ပါပဲ။
(၂) Double Leg Lift လေ့ကျင့်ခန်း ပြုလုပ်ပါ
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ ကုတင်ပေါ်မှာ ပက်လက်အနေအထား လှဲလျောင်းနေရင်းနဲ့ ငြီးငွေ့လာရင် ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် အထက်ပိုင်းနဲ့ အောက်ဝမ်းဗိုက်ကြွက်သားများရှိ အဆီပိုများကို လျော့ချပေးမှာပဲ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင်
(၁) ပထမဦးစွာ ကွီးတို့အနေနဲ့ ကြမ်းပြင်ပေါ်မှာ မျက်နှာကျက်ကို မျက်နှာမူပြီး ပက်လက်အနေအထားဖြင့် လှဲလျောင်းလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးမှာချထားပါ။
(၂) ပြီးလျှင် ကွီးတို့ ခြေထောက်များကို မျက်နှာကျက်အထိ ဆန့်ထုတ်ကာ ထောင်လိုက်ပြီး ခန္ဓာကိုယ်ကို ၉၀ ဒီဂရီ ထောင့်ချိုး အနေအထားဖြစ်အောင် ပြုလုပ်ပါ။
(၃) ထို့နောက် ခြေထောက်များကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ပြန်ချပါ။ ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်ပေးပါ။
(၃) ဟိုနား ဒီနားသွားတဲ့အခါ လမ်းလျှောက်ပါ (သို့) စက်ဘီးစီးပါ
နီးနီးနားနား ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့နေရာကို သွားကြမယ်ဆိုပါစို့။ ဒါဆိုရင်တော့ လမ်းလျှောက်သွားပါ။ လမ်းမလျှောက်ချင်ဘူးဆိုရင်တော့ စက်ဘီးစီးသွားဖို့ အကြံပေးချင်ပါတယ်။ စက်ဘီးစီးတဲ့ အခါမှာလည်း ကိုယ့်ရဲ့ ဘေးအန္တရာယ် လုံခြုံဖို့အတွက် ဦးထုပ်ဆောင်းတာမျိုး၊ ဒူးအကာ ဝတ်တာမျိုးတွေ ဝတ်သင့်ရင် ဝတ်ရမှာပဲ ဖြစ်ပါတယ်။
(၄) သီချင်းနားထောင်ပြီး ကပါ
သီချင်း နားထောင်ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အနေနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင် အကောင်းဆုံးကတော့ သီချင်းနားထောင်ပြီး ကတာပဲဖြစ်ပါတယ်။ သီချင်း နားထောင်ပြီး ကခုန်တဲ့အခါ ခန္ဓာကိုယ်ရှိ ကယ်လိုရီများ လောင်ကျွမ်းသွားပြီး အဆီပိုများလည်း တစ်ခါတည်း ချထားပြီးသားဖြစ်သွားပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့ နည်းလမ်းများထဲက ဘယ်နည်းလမ်းကို ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ ပြုလုပ်နိုင်မယ်လို့ ထင်ပါသလဲ။
Featured Image: Freepik