New York Sour ဆိုတာကတော့ အနုပညာဆန်တဲ့ ကော့လ်တေး တစ်ခွက်လို့ ပြောရမှာပါ။ ဝီစကီ Sour ကို အပေါ်က ဝိုင်နီ တစ်လွှာ ထပ်ပေါင်းထားတဲ့ ရင်သပ်ရှုမောဖွယ်အလှတရားနဲ့ အထူးခြားဆုံး ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ New York Sour ရဲ့ မူလအစက ၁၈၈၀ ပြည့်လွန်နှစ်ကာလတွေမှာ Continental Sour ဆိုတဲ့ နာမည်နဲ့ ချီကာဂိုက Bartender တစ်ဦးက စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နယူးယောက်စီးတီးက Bartender တစ်ဦးက New York Sour ဆိုတဲ့ Modern ဖြစ်တဲ့ နာမည်ကို ပြောင်းလဲမှည့်တွင်ခဲ့တာ ဖြစ်ပါတယ်။

Photo : A Couple Cooks

New York Sour ကော့လ်တေးဟာ ဘော်ဘွန်း ဝီစကီ ၊ Lemon Juice ၊ Simple Syrup ၊ ဝိုင်နီတို့နဲ့ အဓိက ဖျော်စပ်တာ ဖြစ်ပါတယ်။ ချိုချဉ်စူးရှ ပြင်းရှရှအရသာနဲ့ ကော့လ်တေးအလွှာတိုင်းမှာ ထူးခြားတဲ့ အထိအတွေ့ကို ခံစားရမှာ ဖြစ်ပါတယ်။ အလွယ်တကူ ရနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်နည်းကလည်း အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ ဘော်ဘွန်း ဝီစကီ ၂ အောင်စ ၊ Lemon Juice ၁ အောင်စ ၊ Simple Syrup အောင်စဝက်နဲ့ ရေခဲလက်တဆုပ်တို့ကို‌ ရောထည့်ပြီး အေးလာတဲ့အထိ ရှိတ်ပေးရပါမယ်။ ပြီးတဲ့အခါ ရေခဲဖြည့်ထားတဲ့ Lowball ဖန်ခွက် ဒါမှမဟုတ် Old Fashioned Glass ထဲကို ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။ အပေါ်ကနေ ဝိုင်နီ ၁ အောင်စကို Bar Spoon လေးကိုခံပြီး အလွှာတစ်လွှာရအောင် ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ဝီစကီ နဲ့ ဝိုင်နီ ပေါင်းစပ်ထားတဲ့ စွဲမက်ဖွယ် နှစ်ရောင်စပ်ကာလာ New York Sour ကော့လ်တေးတစ်ခွက် အသင့်သောက်လို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Restaurant Clicks