ဒေါ့မွန်တိုက်စစ်မှူးသစ် ဟော်လာ ဟာ ဝှေးစေ့အကျိတ် ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် သတင်းစကား ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ အစောပိုင်းလေ့ကျင့်ရေးမှာ ဟော်လာတစ်ယောက်လို့ မသက်မသာဖြစ်ခဲ့တယ်လို့ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ဘွန်ဒက်လီဂါအသင်းဘက်က အတည်ပြုခဲ့ပါတယ်။

Photo : Daily Mail

ဟော်လာက သူရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ အားပေးနှစ်သိမ့်စကား မက်ဆေ့ချ်ပေးပို့ခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်စကားပြောခဲ့ပြီး အသန်မာဆုံးပြန်လာမယ်လို့ စိတ်ပိုင်းဖြတ်ထားကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

” ကျွန်တော် အခုလို နွေးထွေးတဲ့ မက်ဆေ့ချ်တွေ အများကြီး လက်ခံရရှိခဲ့တဲ့အတွက် နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ဒီလို နွေးထွေးတဲ့တုံ့ပြန်မှုတွေကို မြင်ရတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ မထိုက်တန်သေးဘူးလို့တောင် ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။ အောင်ပွဲတွေကို ဂုဏ်ပြုဖို့အတွက် ခင်ဗျားတို့နဲ့ မကြာခင် ကွင်းထဲမှာ ပြန်တွေ့ချင်ပါတယ်”

” မနေ့ညက ကြေညာပြီးကတည်းက ခင်ဗျားတို့ရဲ့ အားပေးနှစ်သိမ့်မှု မက်ဆေ့ချ်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအားလုံးကလည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခု အသန်မာဆုံးပြန်လာဖို့ အာရုံစိုက်နေပါတယ် ” လို့ ဟော်လာက ပြောကြားခဲ့ပါတယ်။

Photo : Daily Mail

ပြီးခဲ့တဲ့ ရာသီတုန်းက အေဂျက်စ်အသင်း မှာ ခြေစွမ်းပြကစားခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ဟော်လာဟာ ယခုလအစောပိုင်းမှာ ဒေါ့မွန်အသင်းကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါအသင်းရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ” ဒေါ့မွန်တိုက်စစ်မှူး ဟော်လာတစ်ယောက် ဖျားနာမှုကြောင့် လေ့ကျင့်ခန်းကွင်းကနေ စောစီးစွာ ထွက်ခွာခဲ့ပါတယ်။ အခုတော့ ဒေါ့မွန်ကို ပြန်လာနေပါပြီ။ အသက်၂၈ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ကြယ်ပွင့်က တနင်္လာနေ့မနက်ပိုင်းမှာ လေ့ကျင့်ရေးဆင်းနေတုန်း အတော်လေး နေမကောင်းဖြစ်ခဲ့ပါတယ်။ ဆေးစစ်မှုပြုလုပ်စဥ်အတွင်း ဝှေးစေ့မှာ အကျိတ်တစ်ခု တွေ့ရှိခဲ့ရပါတယ်။ လာမဲ့ ရက်ပိုင်းအတွင်း အထူးကုသရေးစင်တာမှာ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ ဒေါ့မွန်အသင်းက ကစားသမား နဲ့ မိသားစုရဲ့အတွင်းရေးဖြစ်တာကြောင့် လေးစားသမှုနဲ့ မေးခွန်းတွေ မမေးဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့ နောက်ထပ်သတင်း အချက်အ လက်တွေ ရတာနဲ့ ကစားသမားနဲ့ တိုင်ပင်ဆွေးနွေးပြီး ပရိသတ်တွေကို အသိပေးထုတ်ပြန်ပါမယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ ကီဟယ်လ်က ဒီသတင်းဟာ လူတိုင်းကို ထိတ်လန့်စေခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဒေါ့မွန်အသင်းအနေနဲ့ ဟော်လာတစ်ယောက် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ အားပေးကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

” အဲ့ဒီနေ့က ကြားရတဲ့သတင်းက ဟော်လာရော ကျွန်တော်တို့အားလုံးကိုပါ ရှော့ခ်ရစေခဲ့ပါတယ်။ ဒေါ့မွန် မိသားစုတစ်ခုလုံး ဟော်လာအမြန်ဆုံးပြန်လည်ကောင်းမွန်လာပြီး ကျွန်တော်တို့နဲ့ ပွေ့ဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူ့အနေနဲ့ အကောင်းဆုံး ကုသမှုခံယူနိုင်ဖို့အတွက် ကျွန်တော်တို့ တက်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ” လို့ ကီဟယ်လ်က ပြောကြားခဲ့ပါတယ်။

Photo : Daily Mail

ဟော်လာဟာ ပြီးခဲ့တဲ့ရာသီမှာ အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူပေးခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂိုးသွင်းရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ အေဂျက်စ်အသင်း ၁၆ သင်းအဆင့်ကနေ မထွက်ခွာမီ ၈ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကို ဟော်လာပြောင်းရွေ့လာခြင်းဟာ ယခုနှစ်နွေရာသီအစောပိုင်းက မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိသွားခဲ့တဲ့ ဟာလန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ဖြစ်နိုင်ခြေရှိပါတယ်။

Featured Photo : Daily Mail