ကမ္ဘာပေါ်မှာ သွားလာလည်ပတ်ချင်စရာ နေရာများစွာ ရှိကြပြီးတော့ အဲ့ဒီထဲကမှ တချို့နေရာတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အလည်ပတ်ချင်ဆုံးနေရာ ဖြစ်ပေမယ့် ဒီနေရာတွေက တအားကို အန္တရာယ်များလွန်းတဲ့ နေရာ တွေလည်း ဖြစ်နေပါတယ်။ ဒီနေရာတွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဧဝရက်တောင်

Photo : Britannica

နီပေါနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာ့အမြင်ဆုံးနေရာဖြစ်တဲ့ ဧဝရက်တောင်ဟာ ၈၈၄၈မီတာ ၂၉၀၂၉ပေအထိ မြင့်မားပြီးတော့ ရာနဲ့ချီသော တောင်တက်သမား အသက်တွေကို ဆုံးရှုံးသွားစေနိုင်တဲ့ အန္တရာယ်များလှတဲ့ လမ်းကြောင်းများနဲ့ ယိုယွင်းပျက်ဆီးနေသော တောင်စောင်းများလည်း ရှိနေပါတယ်။ မီတာ ၈၀၀၀ အထက် ဧရိယာမှာ အောက်ဆီဂျင် ရှားပါးမှုကြောင့် မရဏဇုန်လို့ သတ်မှတ်ထားသလို ၁၉၂၂ခုနှစ်ကနေ စတင်ပြီး ကောက်ယူခဲ့တဲ့ မှတ်တမ်းများအရ ဒီတောင်မှာ လူ(၃၀၀)ကျော် သေဆုံးခဲ့ပါတယ်။ ကဲ ကွီးတို့ရေ ဒီဧဝရက်တောင်ဆီ သွားလည်ချင်ကြလား။

ဒန်နာကေးလ် ကန္တာရ

Photo : The Atlantic

အီသီယိုးပီးယားနိုင်ငံ ဒန်နာကေးလ် သဲကန္တာရဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးနဲ့ အပူဆုံးနေရာတွေထဲကမှ တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ မီးတောင်များနဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် လူသိများပြီး နေ့ခင်းဘက် အပူချိန် ၅၀°C ထက်တောင် ကျော်လွန်နေတက်ပါတယ်။ ဒီလို ပြင်းထန်လွန်းတဲ့ အပူချိန်တွေကြားကမှ ချော်ရည်အိုင်များ ဆာလဖာ စိမ့်စမ်းများနဲ့ ရေပူရေစမ်းများပါ ရှိနေတာက ခြေတလှမ်းသာ မှားသွားမယ်ဆိုရင် အသက်ပျောက်သွားမှာ သေချာပါတယ်။ ဒီလို အန္တရာယ်တွေ ရှိနေသည့်တိုင် ဘူမိဗေဒဆိုင်ရာ ရှုမျှော်ခင်းတစ်ခု ဖြစ်နေလို့ ခရီးသွားများအကြိုက် ဖြစ်နေရပါတယ်။

Death Valley

Photo : Authentik USA

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အရှေ့ပိုင်းက Death Valley ဆိုတဲ့ နေရာဟာလည်း ကမ္ဘာပေါ်မှာ အပူဆုံးနေရာတစ်ခုဖြစ်ပြီး အပူချိန် ၅၆.၇°C နဲ့ အမြင့်မားဆုံး လေထုအပူချိန်အဖြစ် စံချိန်တင်ထားပါသေးတယ်။ ဒီလို ပြင်းထန်တဲ့ အပူဒဏ်ကြောင့် လမ်းတွေပေါ်မှာ စွန့်စားသွားလာတဲ့ ခရီးသွားတွေ အသက်ဆုံးရှုံးခဲ့သလို သွားလာရခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်ကြောင့်လည်း ယာဉ်မတော်တဆမှုတွေ အဖြစ်များဆုံးနေရာပါ ဖြစ်ပါတယ်။ နောက်ပြီး ဒီနေရာက ခလောက်မြွေတွေ ကျက်စားရာ နေရာ လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် သန်းနဲ့ချီတဲ့ ခရီးသွားတွေကတော့ Death Valley ရဲ့ အမျိုးသားဥယျဉ်ဆီကို နှစ်တိုင်း လာရောက်လည်ပတ်ကြပါတယ်။

ချာနိုဘိုင်း စွန့်ပစ်ခံ နယ်မြေ

Photo : Live Science

ယူကရိန်းနိုင်ငံမြောက်ပိုင်းက ချာနိုဘိုင်း နူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ဓါတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ (၃၁)ဦး သေဆုံးခဲ့သလို ဓါတ်ရောင်ခြည်သင့်တဲ့သူတွေကလည်း လအတန်ကြာ နှစ်အတန်ကြာမှာပဲ အများအပြား သေဆုံးခဲ့ပါတယ်။ ဒီလို ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒီနေရာကြီး တစ်ခုလုံးကို စွန့်ပစ်လိုက်ခဲ့ကြသလို လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ ရေဒီယိုသတ္တိကြွမှု အများဆုံး နေရာ အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် စူစမ်းလိုစိတ်ရှိတဲ့ ခရီးသွားများကတော့ ဒီတစ္ဆေမြို့တော်ကြီးထဲကို မကြောက်မရွှံ လာရောက်လည်ပတ်နေကြပါတယ်။

မြွေကျွန်း

Photo : Uber Facts

ဘရာဇီးလ်ကမ်းလွန်မှာ ဧကတစ်ရာကျော် ကျယ်ဝန်းတဲ့ မြွေကျွန်းမှာတော့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး မြွေများထဲကမှ ရွှေရောင်လှံခေါင်း မြွေဟောက်များ နေထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။ ဒီကျွန်းရဲ့ မြေဧရိယာ စတုရန်း တစ်မီတာတိုင်းမှာ မြွေတစ်ကောင် ရှိနေတယ်လို့ပါ ဆိုထားပါသေးတယ်။ ရွှေလှံခေါင်းမြွေတွေက အရေအတွက် အနည်းငယ်သာ ရှိတော့ပေမယ့် ဒီမြွေတွေရဲ့ အဆိပ်တွေကတော့ လျင်မြန်စွာ ပျံ့နှံတက်ပြီး အချိန်တိုလေးအတွင်းမှာပင် သေဆုံးစေနိုင်ပါတယ်။ ဘရာဇီးလ်ရေတပ်ကတော့ ဒီနေရာဆီ သွားလာခွင့် ပိတ်ပင်ထားပေမယ့် စူးစမ်းလေ့လာချင်သူတွေကတော့ ဒီလောက်မြွေပေါတယ်ဆိုတာတောင်မှ လည်ပတ်ချင်နေကြပါတယ်။

Source : Metro

Featured Photo : LADbible