မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်နဲ့ ပြသာနာ ဖြစ်ပွားခဲ့တဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ယူနိုက်တက်က အသင်းအတွင်း လေ့ကျင့်ခန်းဆင်းခွင့် မပြုထားပဲ သီးသန့် လေ့ကျင့်ခန်းတွေသာ ပြုလုပ်စေဖို့ တရားဝင် ညွန်ကြားထားခဲ့ပါတယ်။
Photo Credit : Eurosport
မန်ယူနိုက်တက်အသင်း နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး အသင်းရဲ့ လူစာရင်းအတွင်း ဆန်ချိုကို ချန်လှပ်ထားခဲ့ရခြင်းက လေ့ကျင့်ရေး အစီအဉ်တွေမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခြင်း မရှိတာကြောင့်လို့ နည်းပြတန်ဟက်ဂ် ပြောဆိုခဲ့ခြင်းအပေါ် ဆန်ချိုကလည်း ဖတ်ရတဲ့ သတင်းတိုင်းကို မယုံကြည်ဖို့ သူ့အနေနဲ့ လေ့ကျင့်ရေးကွင်းမှာလည်း ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ရာ တန်ဟက်ဂ် နဲ့ ဆန်ချိုတို့ကြား အဖုအထစ်တွေက ပိုမို ကြီးထွားလာခဲ့ရပါတယ်။
Photo Credit : TEAMtalk
ဒီလို ဆက်ဆံရေး တင်းမာမှုတွေ ရှိလာချိန်မှာပဲ ဆန်ချိုကို ဈေးကွက် ဖွင့်လှစ်နေသေးတဲ့ ဆော်ဒီလိဂ် နဲ့ တူရကီလိဂ် ကလပ်အသင်းတွေဆီ ရောင်းချ ဒါမှမဟုတ် အငှားချဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဆော်ဒီလိဂ် ဈေးကွက်က ပိတ်သွားခဲ့သလို တူရကီလိဂ်ကလည်း ဒီနေ့မှာပဲ ဈေးကွက်ပိတ်ပါတော့မယ်။ ဆန်ချိုအနေနဲ့ကလည်း ယူနိုက်တက်နဲ့ လမ်းခွဲဖို့ အစီအစဉ် ရှိနေတယ် ဆိုပေမယ့်လည်း ဥရောပထိပ်သီး ကလပ်အသင်းတွေမှာသာ ဆက်လက် ကျင်လည်သွားဖို့ ဆန္ဒရှိနေသလို အသင်းဟောင်း ဒေါ့မွန်ဆီကိုလည်း ပြန်သွားချင်နေပါတယ်။
Photo Credit : Sky Sports
လတ်တလောမှာတော့ ယူနိုက်တက်ဘက်က ဆန်ချိုကို တန်ဟက်ဂ်ထံ ပြန်တောင်းပန်ဖို့ ညွှန်ကြားထားခဲ့ပေမယ့်လည်း ဆန်ချိုက တောင်းပန်ဖို့ ငြင်းဆန်ထားခဲ့သလို ယူနိုက်တက်ဘက်ကလည်း တန်ဟက်ဂ် နဲ့ ဆန်ချိုတို့ကြားက ပြသာနာကို ဖြေရှင်းနေတဲ့ ကာလအတွင်း ဆန်ချိုကို အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းခွင့်မပြုပဲ အသင်း အကယ်ဒမီမှာသာ သီးသန့် လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ညွန်ကြားထားခဲ့ပါတယ်။ ဒီအခြေအနေမှာ တန်ဟက်ဂ် နဲ့ ဆန်ချိုတို့ရဲ့ကြား ဘယ်လိုမှ ပြေလည်မှု မရနိုင်တော့ပဲ ဆက်လက်ပြီး တင်းမာနေဖွယ်သာ ရှိနေရပါတယ်။
Featured Photo : Twitter