အင်္ဂလိပ်လို No ဆိုတာ မြန်မာလို ဟင့်အင်းပါပဲ။ ဒီထက် ပိုပြီး အတွင်းကျကျ ပြောရမယ်ဆိုရင် အားမနာတမ်း ငြင်းလိုက်တာပဲ ဖြစ်ပါတယ်။ အားနာတတ်သူ အများစုဟာ ကိုယ်မကြိုက်တဲ့ အရာကို တခြားသူရဲ့ သဘောကျအောင် ဟုတ်ကဲ့ လိုက်တတ်ကြပါတယ်။ ဘဝမှာ ဟုတ်ကဲ့လို့ ပြောသင့်တဲ့အချိန်တွေ ရှိသလို ဟင့်အင်း လို့ တုံ့ပြန်ရမယ့် အချိန်တွေလည်း ရှိတာပါပဲ။ တကယ်လို့ No လို့ ပြောသင့်တဲ့ ကိစ္စတွေ ကြုံလာရင် အားမနာတမ်း ငြင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ အဲ့ဒီလို ငြင်းလိုက်တာနဲ့ အခုပြောမယ့် အကျိုးကျေးဇူးတွေ ရလာပါလိမ့်မယ်။
(၁) ကိုယ့်အတွက် ပိုအချိန်ရလာမယ်
Photo: fast company
အားနာစရာမလိုတဲ့ နေရာမှာ အားမနာတမ်းပြောလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်တွေ ပိုရှိလာနိုင်ပါတယ်။ တခြားသူတွေရဲ့ ကိစ္စတိုင်းကို လိုက်လုပ်ပေးဖို့ သင့်မှာ တာဝန်မရှိပါဘူး။ အများအကျိုးဆောင်ရွက်တယ် ဆိုရာမှာ စေတနာ့ ဝန်ထမ်းစိတ်နဲ့ပဲ လုပ်ပေးသင့်ပြီး ကိုယ့်ရဲ့ အတ္တဟိတကို ထိခိုက်အောင်အထိ လုပ်ပေးဖို့ မလိုတာကို သတိထားပါ။ ဒါကြောင့် ကိုယ့်ကို ထိခိုက်စေမယ့်အလုပ်တွေ ၊ တာဝန်ခံမှုတွေမှာ No လို့ ပြတ်ပြတ်သားသား ပြောခြင်းအားဖြင့် ကိုယ့်အတွက် အဖိုးတန်တဲ့အချိန်ပိုတွေ ထွက်လာခဲ့မှာ ဖြစ်ပါတယ်။
(၂) ကိုယ့်ကိစ္စကိုယ် ပိုလုပ်လို့ ရလာမယ်
Photo: academic integrity
ကိုယ်မလုပ်သင့်တဲ့ကိစ္စတွေ လုပ်ပေးဖို့ မဖြစ်နိုင်တဲ့ အလုပ်တွေမှာ ဟင့်အင်းလို့ ပြောလိုက်တာကြောင့် ရလာတဲ့ အကျိုးကျေးဇူးတစ်ခုက ကိုယ့်အတွက် အချိန်ပို ရလာတာအပြင် ကိုယ်လုပ်စရာရှိတဲ့ကိစ္စတွေကိုလည်း ပိုပြီး လုပ်ဖြစ်လာနိုင်ပါတယ်။ အရင်က လုပ်ချင်ခဲ့ပြီး တခြားသူတွေကိစ္စနဲ့ ဦးမလှည့်နိုင်ခဲ့တဲ့ အလုပ်လေးတွေကို ပြန်လုပ်နိုင်တာဟာ တကယ့်ကို စိတ်ချမ်းသာစရာ ၊ စိတ်ကျေနပ်စရာ ကိစ္စပါပဲ။
(၃) ပိုပြီး လွတ်လပ်ပြတ်သားလာမယ်
Photo: medium
စိတ်အခြေအနေအရလည်း ကိုယ်မလုပ်ချင်တဲ့ကိစ္စကို ငြင်းရဲတဲ့ သတ္တိရှိသူတွေဟာ ပိုပြီး ပြတ်သားခိုင်ကျည်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ ဖြစ်လာသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နဲ့ လွတ်လပ်ပြတ်သားတဲ့ စိတ်ဓါတ်ကို ပိုင်ဆိုင်လာကြပါတယ်။ ပြတ်သားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်တဲ့လူတစ်ယောက်ဟာ ဘဝမှာ ဘာက အရေးပါပြီး ဘာကို အရေးမလုပ်ရမလဲ ဆိုတာကိုပါ တိတိကျကျ သိကြပြီး ကိုယ်သိတဲ့အတိုင်း လိုက်လုပ်နိုင်လို့ အောင်မြင်ထွန်းပေါက်တဲ့ ဘဝပိုင်ရှင်တွေအထိ ဖြစ်လာနိုင်ပါတယ်။
Featured Photo: academic integrity