လီဗာပူးလ် အသင်းကတော့ ဒီနွေမှာပဲ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတွေဖြစ်သော အသင်းခေါင်းဆောင်ကြီး ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ နှစ်ဦးစလုံးကို ဆော်ဒီ ကလပ်အသင်းတွေဆီ လက်လွတ်သွားရဖို့ အလွန် နီးစပ်နေပြီလို့ သိရှိထားရပါတယ်။

hendo and fabi

Photo Credit : The Athletic

လီဗာပူးလ် က ပြီးခဲ့တဲ့ ရာသီကတည်းက ကွင်းလယ်ပိုင်းကို အားမဖြည့်ခဲ့လို့ အဲ့ဒီ အကျိုးဆက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ထားခဲ့ရတာကြောင့် ဒီနွေမှာပဲ ကွင်းလယ်အတွက် အသေအချာ ပြင်ဆင်နေပြီး ဘရိုက်တန် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာ နဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ ဒိုမနစ် ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဖြည့်တင်းထားပြီးချိန်မှ အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦးလုံးကို တစ်ခါတည်း လက်လွတ်ရမယ့် အခြေအနေမျိုး ရှိလာခဲ့ပြန်ပါတယ်။

saudi

Photo Credit : The Empire of the Kop

လီဗာပူးလ်ကို ၂၀၁၁ခုနှစ်ကတည်းက ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ ဟန်ဒါဆန်က လက်ရှိ လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင် နဲ့ long serving player တစ်ဦးလည်း ဖြစ်နေပေမယ့် သူ့ကို လီဗာပူးလ် ဂန္တဝင်ကြီး ဂျရတ်က ဆော်ဒီကလပ် အယ်လ်အက်တီဖက်အသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။ တစ်ပတ်လုပ်ခကိုလည်း ပေါင်  (၇)သိန်းထိ ပေးချေသွားဖို့ ရှိနေတာကြောင့် ဒီကမ်းလှမ်းကို ဟန်ဒါဆန်ဘက်က ခေါင်းညိတ်လိုက်ပြီး အယ်လ်အက်တီဖက် နဲ့ လီဗာပူးလ်တို့ကတော့ ဟန်ဒါဆန် ပြောင်းရွှေ့ကြေးကိုသာ ဆက်လက် ညှိနှိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

fabi and jordan

Photo Credit : Rousing the Kop

ဒီအချိန်မှာ ဖာဘင်ဟိုကိုလည်း လက်ရှိ ဆော်ဒီ ပရိုလိဂ် ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းကပါ ခေါ်ယူချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ပြောင်းရွှေ့ချင်နေပါတယ်။ ဘန်ဇီမာ ကန်တေ နဲ့ ဂျိုတာတို့ကို ခေါ်ယူထားခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းက လီဗာပူးလ်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူပြီး ကွင်းလယ်မှာ ကန်တေနဲ့ တွဲဖက် အသုံးပြုသွားဖို့ ရှိနေရာ လီဗာပူးလ် ကလည်း ဖာဘင်ဟို နဲ့ ဟန်ဒါဆန်တို့ကိုသာ လက်လွတ်ရမယ်ဆိုရင် သူတို့နေရာမှာ ပြန်အစားထိုးဖို့ ကွင်းလယ်လူ (၄)ဦးအထိ ချိန်ရွယ်ထားပါတယ်။

Featured Photo : Liverpool FC