လူတော်တော်များများမှာ အချိန်ဆွဲတဲ့ အလေ့အကျင့် ရှိပါတယ်။ လုပ်စရာရှိတာကို ချက်ချင်းမလုပ်ပဲ အချိန်ဆွဲတာ ၊ ရွေ့ဆိုင်းတာဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်လို့ ဆိုရမှာပါ။ အချိန်ဆွဲခြင်းကြောင့် အဆိုးမြင် ခံစားမှုတွေ ပိုများလာတာ ၊ Productivity ကျဆင်းတာ ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများစေတာအပြင် အခြားသော ဆိုးကျိုးသက်ရောက်မှုတွေ အများကြီးကို ကြုံတွေ့ခံစား ရနိုင်ပါတယ်။ စာဖတ်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အချိန်ဆွဲ တက်တဲ့ အကျင့်ရှိမှန်းတယ်သိတယ် ၊ ဒီအကျင့်ဆိုးကြီးကို အပြီးတိုင် ဖျောက်ဖျက်လိုက်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အကြံပြုချက်လေးတွေက သေချာပေါက် အသုံးဝင်စေမှာပါ။

(၁) ပန်းတိုင် သေးသေးလေးတွေ ချမှတ်ပါ

 Set small goals

Photo : Hone

အလုပ်တာဝန် ဒါမှမဟုတ် ကိစ္စတစ်စုံတစ်ခုကို တစ်ချိန်တည်းမှာပဲ အစကနေ အဆုံးထိ ပြီးမြောက်အောင် လုပ်ဆောင်ဖို့ဆိုတာ တွေးကြည့်တာနဲ့ ခက်ခဲမယ်လို့ ထင်ရနိုင်ပါတယ်။ ဒီလိုအတွေးအထင်နဲ့ စိတ်ကူးတွေကြောင့်ပဲ ချက်ချင်းထလုပ်ဖို့ အားလျော့သွားတက်ပါတယ်။ အကောင်းဆုံးကတော့ အပိုင်းငယ်လေးတွေ ခွဲထုတ်ပြီး အဆင့်ဆင့် လုပ်ဆောင်မယ်ဆိုရင် ထင်သလောက် သိပ်မခက်ခဲတော့ပဲ အချိန်တိုအတွင်းမှာ ထိရောက်မြန်ဆန်စွာ ပြီးမြောက်ပါလိမ့်မယ်။ အရေးကြီးတဲ့ အပိုင်းတွေကိုတော့ အရင်ဆုံး ဦးစားပေးလုပ်ဆောင်ပါ။ လုပ်ရမယ့် ကိစ္စတွေကို အချိန်ဆွဲ နေမယ့်အစား ပန်းတိုင် သေးသေးလေးတွေ ချမှတ်ပြီး တစ်ခုချင်းစီကို တစ်လှည့်စီ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ပြီးမြောက်ခြင်းဆီသို့ တဖြည်းဖြည်းချင်း တိုးတက်မှုရှိလာမှာ ဖြစ်ပါတယ်။

(၂) အသေးစိတ် အချိန်ဇယားရေးဆွဲပါ

Organise your tasks
Photo : Jerry Acuff

လုပ်ငန်းပရော့ဂျက်ဖြစ်ဖြစ် ၊ ကျောင်းစာပဲဖြစ်ဖြစ် လုပ်ရမယ့် တာဝန်တွေကို ပန်းတိုင်ငယ်တွေ ခွဲခြားချမှတ်ပြီးပြီ ဆိုရင်တော့ တစ်ခုချင်းစီကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ အသေးစိတ်အချိန်ဇယားကို သေချာရေးဆွဲလုပ်ဆောင်ခြင်းကလည်း အဓိကပန်းတိုင်တွေဆီ ရောက်ရှိဖို့အတွက် စိတ်အားတက်ကြွမှု ရရှိစေမှာပဲ ဖြစ်ပါတယ်။ ကွီးတို့လုပ်ရမယ့် တာဝန်တွေကို စီမံခန့်ခွဲပြီး ရေးဆွဲထားတဲ့ အချိန်ဇယားအတိုင်း တစ်ပိုင်းစီ ဖြတ်သွားမယ်ဆိုရင် နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် လုပ်ရမယ့်ကိစ္စတွေ အားလုံးပြီးမြောက်နေမှာ ဖြစ်ပါတယ်။

(၃) လုပ်ရမယ့် အရာတွေအပေါ် အာရုံစူးစိုက်ပါ

focus your attention

Photo : Inc. Magazine

အချိန်ဆွဲ တဲ့အလေ့အကျင့်ကို ကျော်လွှားပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးအောင် လုပ်ဆောင်နိုင်ဖို့ ဆိုရင် ကွီးတို့ လုပ်ရမယ့် တာဝန်တွေ ၊ ကိစ္စတွေအပေါ်မှာ အပြည့်အဝ အာရုံစူးစိုက်မှု ရှိရပါမယ်။ အာရုံစူးစိုက်မှု မရှိရင် ၁ နာရီကြာမယ့် အလုပ်တစ်ခုက ၅ နာရီလောက် ကြာကောင်းကြာသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့်အရာတစ်ခုအပေါ်ရည်ရွယ်ချက်ရှိရှိ အာရုံစူးစိုက်မှုပေးခြင်းက အလုပ်ပြီးမြောက်မှု မြန်ဆန်စေမှာဖြစ်သလို အချိန်ကုန်သက်သာစေမှာလည်း ဖြစ်ပါတယ်။

(၄) အနှောက်အယှက်တွေ ဖယ်ရှားပါ

Remove distractions

Photo : LinkedIn

ကွီးတို့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင် အနေအထားကို ထည့်စဉ်းစားဖို့လည်း အရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ အာရုံစူမှုကို ထွေပြားစေပြီး အချိန်ဆွဲ မိဖို့တွန်းအားဖြစ်စေတဲ့ ပတ်ဝန်းကျင် အနှောက်အယှက်တွေ အများကြီး ရှိတက်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဆူညံ့သံတွေများတဲ့ နေရာ ဒါမှမဟုတ် တီဗီ ၊ ဖုန်းနဲ့ အစရှိတဲ့ ပစ္စည်းတွေရဲ့အနီးအနားမှာ အလုပ်လုပ်မယ်ဆိုရင်တော့ အာရုံပျံ့လွင့်နေမှာဖြစ်ပြီး လုပ်ရမယ့် အလုပ်တွေအပေါ် စူးစူးစိုက်စိုက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အာရုံပျံ့လွင့်တဲ့အခါမှာ စိတ်ဖိစီးမှုအဆင့်ကို တိုးစေသလို အချိန်ဆွဲမိနိုင်တဲ့ အခွင့်အရေးလည်း တိုးစေနိုင်ပါတယ်။

Source : FutureLearn

Featured Photo : Lufian