လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် တွေရဲ့ လေးစားမှု ကို ရရှိတာဟာ သင့်ကိုယ်သင် ယုံကြည်မှုကို မြှင့်တက်စေနိုင်ပြီး လုပ်ငန်းခွင်အတွင်း တိုးတက်အောင်မြင်ဖို့အတွက် အခွင့်အရေးကောင်း တွေ ပေးစွမ်းပါလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာတွေရဲ့ လေးစားမှုရရှိအောင် ဘယ်လိုမျိုး လုပ်ဆောင်ရပါမလဲ ? ဒီတစ်ခေါက်တော့ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကို ရရှိဖို့ ကွီးတို့ လုပ်နိုင်တဲ့ အထိရောက်ဆုံး အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) တက်ကြွနေပါ

Be proactive

Photo : Davis Associates

လုပ်ငန်းခွင်တစ်ခုမှာ တက်ကြွတဲ့ ဝန်ထမ်းတိုင်းဟာ လုပ်ဖော်ကိုင်ဖက် တွေရဲ့ ယုံကြည်ကိုးစားမှု ၊ ချစ်ခင်လေးစားမှုကို ရရှိကြပါတယ်။ အလုပ်ခွင် ၊ အဖွဲ့အစည်းအား ကူညီဖို့ အဆင်သင့်ရှိပြီး ကူညီလိုစိတ်အပြည့်ရှိတဲ့ ဝန်ထမ်းတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ပုံဖော်သင့်ပါတယ်။ မပျင်းမရိပဲ ကိုယ်တိုင်လည်း တက်တက်ကြွကြွ လုပ်ဆောင်တက်သလို အခြားသူတွေကိုလည်း ကူညီဖို့ လက်မနှေးတဲ့ တက်ကြွသူတွေကပဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားယုံကြည်မှုကို ရရှိကြတာ ဖြစ်ပါတယ်။

(၂) ကတိကဝတ်တွေကို ထိန်းသိမ်းပါ

Keep your promises

Photo : Inc. Magazine

လုပ်ဖော်ကိုင်ဖက် တွေကြားမှာ ယုံကြည်လေးစားမှု ရရှိဖို့ဆို သင်,ပေးထားတဲ့ ကတိတစ်ခုကို တည်မြဲအောင် ထိန်းသိမ်းဖို့က အင်မတန် အရေးကြီးပါတယ်။ ကတိတွေကို လွယ်လွယ်မပေးတက်သူ ၊ ပေးထားတဲ့ ကတိတွေကို မချိုးဖောက်ပဲ ကတိအတိုင်း လိုက်နာဆောင်ရွက်တက်သူတွေဟာ အလုပ်ခွင်အတွင်းမှာသာမက နယ်ပယ်အသီးသီးမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်လေးစားမှုကို ရရှိကြပါတယ်။

(၃) အချိန်လေးစားပါ

Be punctual

Photo : The American Society of Administrative Professionals

အချိန်ကို တန်ဖိုးထားကြောင်း ပြသတက်သူတွေဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေစားမှုကို ရရှိကြတာပါပဲ။ ဒါကြောင့် တက်နိုင်သမျှ အလုပ်ကို စောစောရောက်အောင် သွားပါ။ အလုပ်နဲ့ ပတ်သတ်သမျှ လုပ်ငန်းတာဝန်တွေ အားလုံးကို အချိန်နဲ့တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။ အရေးကြီးတဲ့ အစည်းအဝေးတွေ ၊ ဒါမှမဟုတ် အလုပ်နဲ့ပတ်သတ်တဲ့ အီးမေးလ်ပေးပို့မှု ၊ ဖုန်းခေါ်ဆိုမှုတွေကို တတ်နိုင်သမျှ မြန်မြန်တုံ့ပြန်ပါ။ အချိန်ကို လေးစားတန်ဖိုးထား တက်သူတွေဟာ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်ကြသလို မိမိအပေါ်လူတွေမြင်တဲ့အမြင်မှာလည်း ယုံကြည်လေးစားမှုတွေ အများကြီး ပါနေပါလိမ့်မယ်။

(၄) အတင်းအဖျင်းတွေ ရှောင်ပါ

Avoid gossip

Photo : Forbes

လုပ်ငန်းခွင် ဝန်ထမ်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့အကြောင်းကို နောက်ကွယ်မှာ အတင်းအဖျင်း‌ ပြောတာဟာ ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တယ်ဆိုရင် အတင်းအဖျင်းစကားတွေ မပြန့်ပွားဖို့ အရေးကြီးသလို တခြားသူတွေ အတင်းအဖျင်းပြောတဲ့ အခါမှာလည်း နားမထောင်မိဖို့လည်း အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ကို ရရှိဖို့ဆို ဒီအချက်ကို သေချာပေါက် သတိထားရှောင်ကြဉ် သင့်ပါတယ်။

(၅) မိမိကိုယ်ကိုယ် နှိမ့်ချနေထိုင်ပါ

Be humble

Photo : Verywell Mind

ရာထူးနဲ့ အခွင့်အာဏာကို ကောင်းကောင်းအသုံးချပြီး မိမိကိုယ်ကိုယ် တခြားသူတွေထက် ပိုသာလွန်နေစေချင်တာက လူတော်တော်များများမှာ တွေ့ရတက်တဲ့ မကောင်းတဲ့ အလေ့အကျင့်တစ်ခုလို့ ပြောရမှာပါ။ တကယ်တော်ပြီး တကယ်ထက်မြတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ရာထူး ၊ အခွင့်အာဏာကို ဘယ်တော့မှ ရှေ့တန်းမတင်ပဲ မိမိကိုယ်ကိုယ် နှိမ့်ချနေထိုင် တက်ပါတယ်။ ကူညီသင့်တာကို အကျိုးအမြတ်မကြည့်ပဲ ကူညီပါ။ လမ်းညွှန်သင့်တာ အကောင်းဆုံး လမ်းညွှန်ပေးပါ။ ပြဿနာတစ်စုံတစ်ရာ ဖြေရှင်းဖို့ဖြစ်လာခဲ့ရင်တောင် ကိုယ်တွေးတာကိုယ်လုပ်တာပဲ အမှန်လို့မထင်ပဲ တခြားသူတွေရဲ့ အမြင်နဲ့ အယူအဆတွေကို လေးလေးစားစား ထည့်သွင်းစဉ်းစားပေးပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တခြားသူတွေကို လေးစားစွာဆက်ဆံတက်မှ လုပ်ဖော်ကိုင်ဖက် တွေရဲ့ လေးစားမှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : LinkedIn