ငြိမ်းချမ်းမှု ဆိုတာ ကမ္ဘာပေါ်က လူတိုင်းရော နိုင်ငံတိုင်းအတွက်ပါ အရေးကြီးတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ နိုင်ငံအသီးသီးဟာ ပဋိပက္ခနဲ့ ရာဇဝတ်မှုတွေ နည်းပါးလာဖို့ အမြဲပုံဖော် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျုကနေ ကမ္ဘာပေါ်က နေချင်စဖွယ် အငြိမ်းချမ်းဆုံး နိုင်ငံတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီထဲကမှ ကမ္ဘာပေါ်က နေချင်စရာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး နိုင်ငံ ၅ နိုင်ငံ အကြောင်းကို ပြောပြပေးမှာပါ။ ဘယ်နိုင်ငံတွေ ဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) အိုက်စလန်

Photo : Lonely Planet

အိုက်စလန် နိုင်ငံသားတွေဟာ ညဘက်မှာ အေးအေးချမ်းချမ်းနဲ့ ကောင်းစွာအိပ်စက်နိုင်ကြတဲ့ ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံး နိုင်ငံသားတွေ ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံ ဟာဆိုရင် ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတွေရဲ့ နံပါတ် ၁ နေရာကို လေးနှစ်မြောက် ဆက်လက်ထိန်းသိမ်း ထားနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဒီနှစ်မှာဆိုရင် ရမှတ် ၀.၇၂ ရာခိုင်နှုန်းပင် တိုးတက်ကောင်းမွန်လာတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ စစ်တပ်မရှိသလိုနဲ့ NATO အဖွဲ့ဝင် နိုင်ငံသားတွေလည်းမရှိတဲ့ အိုက်စလန် နိုင်ငံဟာ ရာဇဝတ်မှုနှုန်း စံချိန်တင် နိမ့်ကျမှု ၊ ကောင်းမွန်တဲ့ ပညာရေး စနစ် ၊ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး နိုင်ငံအဖြစ် အဆင့်သတ်မှတ် ခံထားရပါတယ်။

(၂) နယူးဇီလန်


Photo : CNN

၂၀၁၇ ခုနှစ်ကတည်းက နံပါတ် ၂ နေရာကို ရရှိထားတဲ့ နယူးဇီလန် နိုင်ငံကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝက်အတွင်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအဆင့်မှာ စတုတ္ထနေရာကနေ လုံးဝကို ထပ်ကျမသွားတော့ပါဘူး။ နယူးဇီလန်နိုင်ငံ ဟာဆိုရင် အရည်အသွေးမြင့်တဲ့ နို့မှုန့်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ထိပ်တန်းအဆင့်ရှိတာကြောင့် နယူးဇီလန် နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေဟာ တကယ့်ကို  နာမည်ကြီး လူကြိုက်များပါတယ်။ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပဋိပက္ခတွေ မရှိတာ၊ နိုင်ငံသားတွေအနေနဲ့ စစ်မှုထမ်းတာနဲ့ လူမှုပတ်ဝန်းကျင် ဘေးကင်းမှုတွေမှာ ပြီးပြည့်စုံလုနီးပါး အမှတ်ပေးခြင်း ခံထားရတဲ့အတွက် နေထိုင်လို့အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(၃) ဒိန်းမတ်


Photo : GQ

ဒိန်းမတ်နိုင်ငံ ကတော့ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် အဆင့်သတ် မှတ်ချက်ရဲ့ နံပါတ် ၂ နေရာနဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ နံပါတ် ၅ နေရာတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အခုလက်ရှိ အဆင့်သတ်မှတ်ချက် တတိယရထားတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အတိုင်း သွားလာနေထိုင်ရ လုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အပြင် နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အ ရေးကို လေးစားမှု မြင့်မားတဲ့ အချက်တွေကြောင့်  လူသိများထင်ရှားပါတယ်။ နိုင်ငံသားတွေအနေနဲ့ ကောင်းမွန်တဲ့ဝင်ငွေ တန်းတူညီမျှမှု အဆင့်ကိုလည်း ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ နေချင်စဖွယ် နိုင်ငံတွေထဲက တစ်ခုလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(၄) ပေါ်တူဂီ


Photo : Lapoint – Surf camps

လူဦးရေ ၁၀ သန်းခန့်ရှိတဲ့ ပေါ်တူဂီနိုင်ငံကတော့ ကမ္ဘာပေါ်က နေစရာအကောင်းဆုံး နိုင်ငံတွေရဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ အဆင့် ၁၈ နေရာကနေ ထိပ်ဆုံး အဆင့် ၅ နိုင်ငံ စာရင်းထဲကို ဝင်လာတာ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံဟာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါများသလို ခေတ်မီတိုးတက်တဲ့ လူနေမှုဘဝပုံစံတွေနဲ့အတူ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ နေထိုင်လို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

(၅) စလိုဗေးနီးယား


Photo : The Guardian

ဘုရားသခင်က မြေယာဝေငှပေးတဲ့အခါ စလိုဗေးနီးယား နိုင်ငံသား တွေအတွက် အလွန်နည်းခဲ့တယ်လို့ ဒဏ္ဍာရီတစ်ခုက ဆိုပါတယ်။ ဒါကြောင့် တောင်းပန်တဲ့အနေနဲ့ စလိုဗေးနီးယားနိုင်ငံကို ကောင်းကင်ဘုံ အသေးစား လေးတစ်ခုလို ဖန်ဆင်းပေးခဲ့တာပါ။ စလိုဗေးနီးယား နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကို သစ်တောတွေက ဖုံးလွှမ်းထားပြီးတော့ မြိုတော် Ljubljana ကနေ တစ်နာရီလောက် ကားမောင်းလိုက်တာနဲ့ Adriatic ပင်လယ်မှာ ရေကူးလို့ ရနိုင်ပါတယ်။ ဒါ့အပြင် အနီးအနားမှာရှိတဲ့ နာမည်ကျော် Julian Alps တောင်ကိုလည်း တက်လို့ရမှာ ဖြစ်ပါတယ်။ စလိုဗေးနီးယား နိုင်ငံ က တစ်နှစ်အတွင်း အဆင့် ၅ နေရာကို ခုန်တက်သွားခဲ့တဲ့ ဥရောပရဲ့ တက်သစ်စ စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး  နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ သူ့နောက်မှာတော့ ချက်သမ္မတ နိုင်ငံ၊ ခရိုအေးရှားနဲ့ ဟန်ဂေရီ နိုင်ငံတို့က ထိပ်ဆုံးအဆင့် နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်နေပါတယ်။

Featured Photo : The Economic Times