ကျွန်တော်တို့ အမျိုးသားတွေဟာ အမျိုးသမီးတွေ ထက်စာရင် အဆီပိုပြန်တဲ့ အသားအရေ ကို ပိုင်ဆိုင်ထားကြပါတယ်။ အကြောင်းကတော့ အမျိုးသားတွေရဲ့ ပင်ကိုယ်အသားအရေကိုက ချွေးပေါက်ပိုကျယ်ပြီး အဆီဂလင်းတွေ ပိုကြီးတာကြောင့်ပါ။ Sebum ထုတ်လုပ်မှုဟာလည်း အမျိုးသမီးတွေထက် နှစ်ဆပိုရှိတာကြောင့် အမျိုးသားအများစုရဲ့ မျက်နှာဟာ အဆီတဝင်းဝင်းနဲ့ ပြောင်တင်းတင်း အသားအရေမျိုး ရှိတက်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေ ဖြစ်နိုင်ခြေနည်းပေမယ့် အဆီက အရေပြားအပေါ်ယံလွှာကို ပိတ်ဆို့စေတဲ့အတွက် ဝက်ခြံ ၊ အမဲစက် ၊ အဆီဖုနဲ့ ချွေးပေါက်ပိတ်ဆို့ခြင်း စတဲ့ အသားအရေဆိုင်ရာ ပြဿနာတွေတော့ ဖြစ်နိုင်ပါတယ်။ ဒီလို အသားအရေနဲ့ဆိုင်တဲ့ ပြဿနာတွေကို လျော့ချဖို့အတွက် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ သိထားသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) Cleansing သေချာလုပ်ပေးပါ
Photo : InsideHook
အဆီပိုတွေကို လျော့ချဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ Cleansing လုပ်ပေးတာပါပဲ။ အသားအရေကို ဂရုတစိုက် သန့်စင်ပေးမယ်ဆိုရင် မျက်နှာအရေပြားပေါ်က ပိုလျှံနေတဲ့ အဆီတွေကို လျော့ချနိုင်မှာဖြစ်ပြီး ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံပြဿနာတွေ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်တော့ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာဆေးကြော သန့်စင်ပေး ရပါမယ်။ Gel-Based ဒါမှမဟုတ် Foaming Cleansers တွေက အဆီပြန်တဲ့ အသားအရေအတွက် အကောင်းဆုံး ဖြစ်ပြီး Oil-free မျက်နှာသစ်ဆေးတွေကို ရှာဝယ်အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
(၂) တစ်ပတ် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် Exfoliate လုပ်ပါ
Photo : JESSE JIMZ
Sebum တွေက အဓိကအားဖြင့် အရေပြားပေါ်မှာ ဆဲလ်သေတွေကို ဖြစ်စေပါတယ်။ ဆဲလ်သေတွေကတဆင့် ဝက်ခြံ ၊ အဆီဖုနဲ့ အမည်းစက် စတဲ့ အသားအရေ ပြဿနာတွေကို ဖြစ်ပေါ်စေပြီး မွဲခြောက်ခြောက် အသားအရေကို ရစေပါတယ်။ ဒါကြောင့် မျက်နှာအရေပြားပေါ်ကအညစ်အကြေးနဲ့ အရေပြား ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်ပြီး ဆဲလ်သစ်တွေ ပြန်လည်မွေးဖွားဖို့နဲ့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ တစ်ပတ်ကို အနည်းဆုံး ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် Exfoliate လုပ်ပေးဖို့ လိုပါတယ်။ Exfoliate လုပ်တဲ့အခါ မျက်နှာအသားအရေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာထက် ညင်ညင်သာသာနဲ့ သေချာအချိန်ပေးပြီး ပွတ်တိုက်သန့်စင် ပေးတာက ပိုကောင်းပြီး ထိရောက်မှု ပိုရှိပါတယ်။
(၃) တစ်ပတ် ၁ ခါ Face Mask ကပ်ပါ
Photo : Freepik
မျက်နှာအသားအရေကို Exfoliate သို့မဟုတ် Scrub လုပ်ပြီးတာနဲ့ Face Mask ကပ်ပေးဖို့ လိုပါတယ်။ အလှအပရေးရာ ပညာရှင်တွေကတော့ အနည်းဆုံး တစ်ပတ် ၁ ကြိမ် Exfoliate လုပ်ပြီး Face Mask အသုံးပြုပေးတာက အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အကောင်းဆုံး အသားအရေ ထိန်းသိမ်းနည်းတစ်ခုလို့ အကြံပြုထားပါတယ်။ Kaolin နဲ့ Bentonite ရွှံ့စေး ၊ Sandalwood ၊ Fuller’s Earth (Multani Mitti) ပါဝင်တဲ့ Face Mask တွေက မျက်နှာအရေပြားပေါ်က အဆီပိုတွေကို ညင်သာစွာ စုပ်ယူနိုင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေအတွက် အလွန်ကောင်းပါတယ်။
(၄) Alcohol-Free Toner နေ့တိုင်း သုံးပေးပါ
Photo : Tools of Men
Toner နေ့စဉ်ပုံမှန် အသုံးပြုပေးတာက မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးပြီး အရေပြား အပေါ်ယံလွှာက အညစ်အကြေးနဲ့ အဆီတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် Rosewater ကတော့ အရမ်းကောင်းတဲ့ Toner တစ်ခုပါပဲ။ အယ်လ်ကိုဟော ပါဝင်မှုမရှိတဲ့ Alcohol-Free Toner ဖြစ်ဖို့တော့ လိုပါတယ်။
(၅) Moisturizer လိမ်းပါ
Photo : Dermstore
လူတော်တော်များများက အစိုဓာတ်ထိန်းခရမ်င် Moisturizer တွေ လိမ်းရင် အဆီပိုပြန်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး အသားအရေဟာ အစိုဓာတ် ခမ်းခြောက်တဲ့အခါမှသာ အဆီဂလင်းတွေကနေ အဆီပိုတွေကို ပိုထုတ်ပေးတာကြောင့် အဆီပိုပြန်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေလည်း Moisturizer လိမ်းပေးဖို့ သေချာပေါက် လိုပါတယ်။ Moisturizer လိမ်းတဲ့အခါ ရွေးချယ်အသုံးပြုရမှာကတော့ Oil-free ၊ Non-Comedogenic ဒါမှဟုတ် ရေအခြေခံ Water-based Moisturizer တွေ သုံးပေးရမှာ ဖြစ်ပါတယ်။
Featured Photo : Tiege Hanley