ယူကရိန်း ဘောက်ဆင်သမား အိုလက်ဇန်းဒါး ဦးဆိတ်ခ်ဟာ ရုရှားက ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ပြီး ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် အမိမြေကို ကာကွယ်ဖို့အတွက် သူရဲကောင်းပီသစွာနဲ့ ကိဗ်မြို့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။
Photo: Daily Mail
အိုလာဒီမာနဲ့ ဗီတာလီ ကလစ်ချ်ကိုတို့ လက်ဝှေ့ကျော်ညီနောင်ဟာလည်း ရုရှားတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ဖို့အတွက် ယူကရိန်းတပ်မတော်ထဲကို ဝင်ရောက်ခဲ့ပြီး ဗီတာလီ ကလစ်ချ်ကိုဟာ ၂၀၁၄ ခုနှစ်ကတည်းက ကိဗ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သွေးထွက်သံယိုမှုတွေ ရပ်တန့်နိုင်အောင် ကူညီပေးဖို့ အခြားနိုင်ငံတွေကို တောင်းဆိုမှု ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးဆိတ်ခ်ဟာ အခြားလက်ဝှေ့ကျော်တွေနည်းတူ ယူကရိန်းနိုင်ငံကို ပြန်လာပြီး အမိမြေကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
ယနေ့နံနက်မှာ တွစ်တာအကောင့်တစ်ခုက ရုရှားနဲ့ ယူကရိန်းပဋိပက္ခအကြောင်း နောက်ဆုံးရသတင်းတွေ တင်ဆက်ခဲ့ရာမှာ အခြားစစ်သားတွေနဲ့အတူ စက်သေနတ်လွယ်ထားတဲ့ ဦးဆိတ်ခ်ရဲ့ ပုံကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဟဲဗီးဝိတ်တန်းဘောက်ဆင်အကျော်အမော်ဟာ စစ်ဘက်သုံးကိရိယာတွေအပြည့်ဝတ်ဆင်ထားပြီး ကြီးမားတဲ့ သေနတ်တစ်လက်ကို လွယ်ထားရင်း ကင်မရာကို ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

Photo: Twitter
“အိုလက်ဇန်းဒါး ဦးဆိတ်ခ်လည်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ထဲမှာ စာရင်းပေးသွင်းခဲ့ပါတယ်”လို့ အဲဒီ ပို့စ်မှာ ရေးသားထားပြီး ပြီးခဲ့တဲ့အပတ်မှာ နောက်ထပ်ထိုးသတ်မယ့်ဘောက်ဆင်ပွဲစဉ်အတွက် ရှက်ဖီးမှာ ပရိုးမိုးရှင်းဆင်းနေခဲ့တဲ့ ဦးဆိတ်ခ်အတွက်တော့ အခြေအနေတွေက ရုတ်တရက် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပြီးနောက် ဦးဆိတ်ခ်ဟာ စစ်တိုက်ရမှာ ကြောက်လို့ ယူကေကို ထွက်ခွာသွားတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ချက်ချင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးဆိတ်ခ်က အင်စတာဂရမ်မှာ နောက်ဆုံးအခြေအနေကို မျှဝေခဲ့ပြီးနောက် အဲဒီ ပြောဆိုမှုတွေကို အလျင်အမြန် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

Photo: MARCA
“ချစ်ခင်ရပါတဲ့ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းနိုင်ငံသားတို့ခင်ဗျာ၊ အချို့က ကျွန်တော်ထွက်ပြေးသွားပြီဆိုတဲ့အကြောင်းတွေ ရေးသားနေခဲ့ပါတယ်။ မမှန်ပါဘူး။ ကျွန်တော့်မှာ အလုပ်ကိစ္စခရီးထွက်စရာရှိခဲ့တာဖြစ်ပြီး အခု ကျွန်တော် ပြန်ရောက်နေပါပြီ။ ကျွန်တော် အိမ်ပြန်ရောက်ပါပြီ။ သူငယ်ချင်းတို့ ကျွန်တော်တို့ အတူတကွ စုစုစည်းစည်းနဲ့ ဒီဟာကို ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ”
“ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်ပြည်သူတွေအတွက် အရမ်းစိုးရိမ်မိပြီး စိတ်ခံစားမှုတွေကို အကောင်းဆုံးထိန်းချုပ်ထားပါတယ်။ သူငယ်ချင်းတို့ ငါတို့တွေ ဒီစစ်ပွဲကို ရပ်ကို ရပ်တန့်ရမှာဖြစ်ပြီး အဲဒါကို အတူတူ လုပ်မှ ရမှာပါ”လို့ ရေးသားထားပါတယ်။
Featured Photo: Daily Mail

