အမျိုးသားတွေဟာ အသက် ၃၅ နှစ်ကို ကျော်လွန်လာပြီဆိုတာနဲ့ အိုမင်းရင့်ရော်မှုက ပိုပြီးမြန်ဆန်လာပါတယ်။ အလှအပရေးရာ နဲ့ ပတ်သတ်ပြီး အရမ်းကြီး ပြင်ပြင်ဆင်ဆင် မနေဖြစ်ရင်တောင် အရွယ်တင်နုပျိုခြင်းနဲ့ ရုပ်ခံလေးကို ထိန်းထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသား တို့အတွက် သဘာဝအတိုင်း အရွယ်တင်နုပျို နေစေဖို့ လိုက်နာရမယ့် လျှို့ဝှက်ချက် တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) အစားအသောက် ထိန်းသိမ်းပါ
Photo : The Trent
စားသောက်နေထိုင်မှုပုံစံက လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ပေါ်အများကြီး သက်ရောက်မှု ရှိပါတယ်။ ကွီးတို့အနေနဲ့ တကယ်ပဲ အရွယ်တင်နုပျိုခြင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကျန်းမာတဲ့ စားသောက်မှု ပုံစံရှိဖို့ လိုပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက် စိမ်းစိမ်းစိုစိုတွေ များများစားပေးပါ။ အချိုနဲ့ အငံဓာတ်တွေ လျော့စားပါ။ ရေများများသောက်ခြင်းဟာလည်း ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းထုတ်ပေးပြီး ကျန်း မာနုပျို စေပါတယ်။
(၂) ဆေးလိပ်ဖြတ်ပါ
Photo : Vecteezy
ဆေးလိပ်စွဲစွဲမြဲမြဲ သောက်တဲ့သူတစ်ယောက်ဆိုရင် အခုကစပြီး ဆေးလိပ်ဖြတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေရုံမက အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး အသားအရေကို ကြမ်းတမ်းရင့်ရော်စေပါတယ်။ သတင်းကောင်းကတော့ ဆေးလိပ်ဖြတ်ပြီး ၄ ပတ်အတွင်းမှာတင် အသားအရေပြန်လည်ကြည်လင်ပြီး နုပျိုလာတာပါပဲ။ ဒါကြောင့် အရွယ်တင်နုပျို ချင်ရင် ဆေးလိပ်နဲ့ ဝေးဝေးနေဖို့ လိုပါတယ်။
(၃) ပြည့်ပြည့်ဝဝအိပ်ပါ
Photo : JHU Hub – Johns Hopkins University
အိပ်ချိန်နည်းတာက ဘယ်ရှု့ထောင်ကကြည့်ကြည့် မကောင်းပါဘူး။ လုံလောက်တဲ့ အိပ်စက်ခြင်းမရှိရင် အရွယ်မတိုင်ခင် ရုပ်ကျဖို့ လွယ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်ဖို့ လိုပါတယ်။ အိပ်ချိန်ကို အပြည့်အဝ အသုံးချခြင်းဟာ ကိုယ်ခံအားစနစ်လည်း မြှင့်တင်ရာ ရောက်သလို ရုပ်နဲ့စိတ်ပိုင်းလည်း အနားရစေပါတယ်။
(၄) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
Photo : Urban Company
ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့ သူတွေဟာ သာမန်လူတွေထက် ပိုပြီး အရွယ်တင်နုပျို တာက သိသာပါတယ်။ အားကစား လေ့ကျင့်ခန်းလုပ်တာဟာ သွေးလေလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကြွက်သားတွေနဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းလာစေပါတယ်။ Workout လုပ်ခြင်းကြောင့် စိတ်ဖိစီးမှုနည်းပြီး မျက်နှာအဆင်း ကြည်လင်တဲ့ အကျိုးကျေးဇူးလည်း ရမှာပါ။
(၅) အခြေခံအသားအရေ ထိန်းသိမ်းမှုအဆင့်တွေ လုပ်ဆောင်ပါ
Photo : Forbes
ကျွန်တော်တို့ အမျိုးသားအများစုဟာ အလှအပရေးရာနဲ့ တော်တော်လေး ကင်းကင်းကွာကွာ နေမိတက်ကြတာ များပါတယ်။ အသားအရေဆိုတာ အနုစိတ် သ, မနေရင်တောင် အခြေခံကျတဲ့ အသားအရေ ထိန်းသိမ်းမှုအဆင့်လေးတွေတော့ လုပ်ဖို့လိုပါတယ်။ မျက်နှာသစ်ဆေးကောင်းကောင်းသုံးတာ ၊ အစိုဓာတ်ထိန်းခရမ်င်လိမ်းတာ ၊ မျက်နှာချေးချွတ်တာ စတဲ့ အဆင့်တွေ လုပ်ပေးဖို့လိုပါတယ်။ ဒါမှလည်း ကျန်းမာစိုပြေပြီး နုပျိုလန်ဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
Featured Photo : SkinKraft