လူ့ခန္ဓာကိုယ်မှာ အရိုး အဆစ်တွေက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ အရိုးတွေဟာ ခန္ဓာကိုယ်ကို ကောင်းစွာ လှုပ်ရှားရပ်တည်နိုင်အောင် အဓိက အထောက်အပံ့ပေးနေတာပါ။ အသက်ကြီးလာချိန်မှာ အရိုးတွေရဲ့ ကြံ့ခိုင်မှုက အားလျော့လာပြီး အရိုးပွရောဂါ ၊ အရိုး ကျွတ်ဆပ်ပြီး ကျိုးလွယ်တာ စတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက အရိုး ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ ခန္ဓာကိုယ်က အရိုးအဆစ်တွေကို ကျန်းမာကြံ့ခိုင်စေဖို့ ရှောင်ကြဉ်ရမယ့် အလေ့အထတချို့ ပြောပြပေးချင်ပါတယ်။

(၁) ဆားအလွန်အကျွံ စားခြင်းကို ရှောင်ပါ

အရိုး ကျန်းမာရေး

Photo : PhillyVoice

ဆားဓာတ် များများစားလေ သင့်ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေ များများစွန့်ထုတ်လေ ဖြစ်ပါတယ်။ ဒီအခါ အရိုး တွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုအတွက် အဓိကလိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို အလုံအလောက် မရနိုင်တေ့ာပါဘူး။ ပေါင်မုန် ၊ ဒိန်ခဲ ၊ချိစ် ၊ အားလူးကြော်နဲ့ အေးခဲစာတွေမှာ ဆားဓာတ်အများအပြား ပါဝင်နေတာကြောင့် ဒီအစားအစာတွေကို တက်နိုင်သမျှ ရှောင်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်အတွက် ဆားဓာတ်လုံးဝ ဖြတ်တောက်ဖို့ မလိုအပ်ပေမယ့်လည်း တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်အောက်သာ စားသုံးဖို့ သင့်တော်ပါတယ်။

(၂) အထိုင်မများပါစေနဲ့

အရိုး ကျန်းမာရေး

Photo : Freepik

ကွန်ပျူတာရှေ့ တစ်နေ့ကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေနဲ့ အချိန်အကြာကြီး ကားမောင်းသူတွေမှာ အရိုးအဆစ်နဲ့ ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ အဖြစ်အများဆုံးပါ။ လေ့လာမှုတွေအရ တီဗီရှေ့မှာ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးလေ့ရှိသူတွေလည်း အရိုး အဆစ် ကြံ့ခိုင်မှု အားနည်းတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်ဟာ လုံလောက်တဲ့ လှုပ်ရှားမှုမရှိရင် အရိုးအဆစ်တွေရဲ့ သန်စွမ်းအား လျော့သွားသလို လူကနှေးပြီး ရောဂါတွေ ဝင်လာတက်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အရိုးနဲ့ ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုကို တိုးစေပြီး သွက်လက်ပေါ့ပါးစေပါတယ်။

(၃) နေရောင်ခြည် ထိတွေ့မှုမရှိတဲ့ အလေ့အထကို ပြောင်းလဲပါ

အရိုး ကျန်းမာရေး

Photo : Entrepreneur

ကျွန်တော်တို့ဟာ နေ့ရက်တိုင်းမှာ အပြင်ကိုများများ ထွက်ပေးဖို့ လိုပါတယ်။ ဘာလို့ဆို နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် D ဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်နေလို့ပါပဲ။ တစ်ပတ်ကို အနည်းဆုံး ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့် အကြိမ်ပေါင်းများစွာ နေရောင်ခြည်နဲ့ ထိတွေ့သင့်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားပေါ် တိုက်ရိုက်ထိတွေ့မှု များမယ်ဆိုရင် အရေပြားကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အပူချိန်အရမ်းမမြင့်တဲ့ မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးရင်ပဲ လုံလောက်ပါပြီ။

(၄) ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

အရိုး ကျန်းမာရေး

Photo : Men’s Health

အသက်အရွယ် ၊ အရပ်အမောင်းနဲ့ အညီ ရှိသင့်တဲ့ ခန္ဓာကိုယ် ကိုယ်အလေးချိန်ကို ထိန်းထားဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ် ကိုယ်အလေးချိန် အလွန်နည်းခြင်းဟာ အရိုးပျက်စီးမှုနဲ့ အရိုးကျိုးလွယ်ခြင်းကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကိုယ်အလေးချိန်က ရှိသင့်တာထက်ပိုနည်းပြီး အရိုး တွေသေးနေတယ်ဆိုရင် ကိုယ်အလေးချိန်တိုးစေမယ့် လေ့ကျင့်ခန်းတွေနဲ့ ကယ်လ်စီယမ်ဓာတ် ပိုမိုမှီဝဲပေးဖို့ လိုပါတယ်။ သင့်အနေနဲ့ ဘာကြောင့် ကိုယ်အလေးချိန်နည်းနေတယ်ဆိုတာ မသေချာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးမှု ခံယူတာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

(၅) အချိုရည်နဲ့ အရက် အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ

အရိုး ကျန်းမာရေး

Photo : Medical News Today

ကိုလာအရသာ ဆိုဒါတွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ အလွန်အကျွံ မှီဝဲတာဟာ အရိုး ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ တချို့သော လေ့လာမှုတွေ အရ အချိုရည်တွေမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ ဖော့စဖရပ်ဓာတ်တွေက အရိုးဆုံးရှုံးမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ အလားတူ အရက်ဟာလည်း ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ် စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အရိုးကြံ့ခိုင်သန်စွမ်းမှုကို အားလျော့စေပါတယ်။ ဒါကြောင့် အချိုရည်နဲ့ အရက်အဖျော်ယမကာတွေကို အလျွန်အကျွံ သောက်သုံးမှီဝဲခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုပါရစေ။

(၆) နာရီပေါင်းများစွာ စက်ဘီးနင်းခြင်းက အရိုးသိပ်သည်းဆကို မတိုးစေပါ

အရိုး ကျန်းမာရေး

Photo : Verywell Fit

စက်ဘီးနင်းတာက အလွယ်ကူအရိုးရှင်းဆုံးနဲ့ လူတိုင်းလုပ်နိုင်တဲ့ အားကစားနည်းတစ်ခုပါ။ နာရီပေါင်းများစွာ စက်ဘီးနင်းတဲ့အခါ သင့်နှလုံးနဲ့ အဆုတ်တွေကို ပိုပြီးကျန်းမာသန်စွမ်း လာစေပါတယ်။ ဒါပေမယ့် စက်ဘီးနင်းခြင်းက လမ်းလျှောက်ခြင်း ၊ ပြေးခြင်း နဲ့ တောင်တက်ခြင်းစတဲ့ အားကစားနည်းတွေလိုတော့ အရိုးသိပ်သည်းဆကို မတိုးစေနိုင်ပါဘူး။ တကယ်လို့ သင်က စက်ဘီးစီး ဝါသနာပါသူတစ်ယောက်ဆိုရင် နာရီပေါင်းများစွာ မိုင်နဲ့ချီ စက်ဘီနင်းခြင်းထက် တာတို စက်ဘီးနင်းခြင်းကိုပဲ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ အရိုးတွေကို အမှန်တကယ် သန်စွမ်းကြံ့ခိုင်လာစေချင်တယ်ဆိုရင် တင်းနစ် ၊ ရေကူး ၊ အပြေးနဲ့ ကခုန်ခြင်း လေ့ကျင့်ခန်းတွေကိုပါ တွဲကစားဖို့ လိုပါတယ်။

Featured Photo : Life Line Screening