ကွီးတို့ရေ အသက်ရှည်စွာ အနာမဲ့ကြောင်း နဲ့ ပတ်သက်ပြီး မြန်မာမှုနယ်ပယ်မှာတော့ ကံ၊ စိတ်၊ ဥတု အာဟာရ လို့ခေါ်တဲ့ အကြောင်းတရားတွေကြောင့်လို့ ဆိုရိုးရှိကြပါတယ်။ ကံအကြောင်းတရားကတော့ ကွီးတို့ ယုံကြည်ရာ ဘာသာတရားအရ ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ အကြောင်းတ ရားတွေကိုတော့ ကိုယ်တိုင်ပြုပြင် ဖန်တီးနိုင်ပါတယ်။

သိပ္ပံပညာအရတော့ အသက်ရှည်ပြီး အနာရောဂါကင်းတယ်ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့  ပြောကြပါတယ်။ မျိုးရိုးဗီဇဟာ ကွီးတို့ရဲ့ ကျန်းမာရေးအပေါ် အပြည့်အဝချယ်လှယ်တာတော့ မဟုတ်ပါဘူး။ ကွီးတို့ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှု ပုံစံတွေက အဓိကကျပါတယ်။ အသက်ရှည်စွာ အနာမဲ့ကြောင်း နဲ့ ပြုမူနေထိုင်သင့်တဲ့ နည်းလမ်းကောင်းတွေ ၊ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ပြပေးလိုက်ပါတယ်။

(၁) DNA မျိုးဗီဇပစ္စည်းကို ကာကွယ်ခြင်း

အသက်ရှည်စွာ အနာမဲ့ကြောင်း

Photo : The Economic Times

ဆေးသိပ္ပံသုတေသနတွေ့ရှိချက်တွေအရ လူတွေရဲ့ မျိုးဗီဇတွေကို သယ်ဆောင်ထားတဲ့ ခရိုမိုဇုန်းတွေဟာ အသက်ကြီးလာတာနဲ့အမျှ  ပိုတိုလာပါတယ်။ ဒီအခြေအနေက ကွီးတို့ကို  ဖျားနာဖို့ အလားအလာ ပိုများစေပါတယ်။ ကွီးတို့အနေနဲ့  နေထိုင်စားသောက်မှုပုံစံ ပြုပြင်ပေးမယ်ဆိုရင် ခရိုမိုဇုန်းကို ပိုရှည်စေသော အင်ဇိုင်းကို အားကောင်းစေနိုင်ပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ခြင်းက ခရိုမိုဇုန်းကို  ကာကွယ်ရန် ကူညီပေးနိုင်ကြောင်း လေ့လာမှုများက ဖော်ပြပါတယ်။ ဆိုလိုတာက ကျန်းမာသောအလေ့အကျင့်များက  ဆဲလ်များရဲ့  အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။

(၂) မိတ်ဆွေကောင်းများ ရှာဖွေပါ

အသက်ရှည်စွာ အနာမဲ့ကြောင်း

Photo : Psychology Today

လေ့လာမှု များစွာက တွေ့ရှိချက်တစ်ခုမှာတော့ ခိုင်မာသော လူမှုဆက်ဆံရေးဖြင့် မိတ်ဆွေ အပေါင်းအသင်းများခြင်းက အသက်ပိုရှည်ခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိပါတယ်။ အပေါင်းအသင်းတွေဆီက အကူအညီနဲ့ ဖော်ရွှေသော ဆက်ဆံရေးက ကွီးကို ပိုပြီး အသက်ရှည် စေနိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုဝင် စသဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးစိတ်နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းဟာ ကွီးရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။

 (၃) ကျန်းမာသောနေထိုင်မှုပုံစံနှင့်အညီ နေတတ်တဲ့ သူငယ်ချင်းတွေကို ရွေးချယ်ပါ

အသက်ရှည်စွာ အနာမဲ့ကြောင်း

Photo : Good Neighbour Parmancy

ကွီးတို့ရေ အနီးကပ်ဆုံးသူငယ်ချင်းတွေရဲ့ အကျင့်စရိုက်က ကွီးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေနဲ့ အနေနီးရင် ကွီးအနေနဲ့ ဆေးလိပ်ကို အနည်းနဲ့အများတော့ သောက်မိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဗဟုသုတရှိပြီး ကျန်းမာသော ဘဝလူနေမှုပုံစံရှိတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို ရွေးချယ်ပေါင်းသင်းခြင်းက အသက်ရှည်စွာ အနာမဲ့ကြောင်း နည်းလမ်းကောင်း တွေထဲက တစ်ခု အပါအဝင်လည်းဖြစ်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

အသက်ရှည်စွာ အနာမဲ့ကြောင်း

Photo : Medical News Today

ဆေးလိပ် မသောက်ဘူးဆိုရင် ကွီးကို အသက်ပိုရှည်စေပြီး အဆုတ်ရောဂါ ဖြစ်ပွားမှုနည်းတယ်လို့ အံ့အားသင့်လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။  နှစ်ပေါင်း (၅၀) ကြာ ဗြိတိသျှလေ့လာမှုတစ်ခုက အသက် (၃၀) မှာ ဆေးလိပ်ဖြတ်သူတစ်ဦးအနေနဲ့ (၁၀) နှစ် အသက်ပိုရှည်ခွင့် ရရှိတယ်လို့ ဆိုပါတယ်။ ဆေးလိပ် မသောက်ခြင်းဟာ ကွီးအတွက် အသက်ရှည် အနာကင်းဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

(၅) အစားကို အလွန်အကျွံ မစားပါနဲ့

long life

Photo : Eat This Not That

အစားကိုကုန်အောင်စား စကားကို အကုန်မပြောပါနဲ့ ဆိုရိုးရှိပေမဲ့ ကွီးတို့အနေနဲ့ အစားကို တရားလွန်စားသောက်မိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ စားလိုက်တဲ့ အစာကနေ ရရှိတဲ့ ကယ်လိုရီပမာဏနဲ့ အသက်ရှည်ခြင်းအကြား ဆက်နွယ်မှုရှိပါတယ်။ ကယ်လိုရီလျှော့စားနိုင်ရင် အသက် ပိုရှည်နိုင်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ ကယ်လိုရီလျှော့ခြင်း အားဖြင့် ကွီးရဲ့ အလေးချိန်နဲ့ ဝမ်းဗိုက်အဆီတွေ လျှော့ချစေပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) အစေ့အဆံ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ

long life

Photo : Medical News Today

အစေ့အဆံ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းနဲ့ တခြား အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ နိုင်ယာဆင်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ ဒါအပြင် အပင်တွေကရတဲ့ အစားအစာတွေမှာ Polyphenol၊ Carotenoids၊ ဖောလိတ်နဲ့ ဗီတာမင် C စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ရောဂါကို ခုခံနိုင်စွမ်းနဲ့ သွေးလည်ပတ် စနစ်ကို ကောင်းစေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဆီးချို၊ ကင်ဆာရောဂါအချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

(၇) ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ပါ

long life

Photo : Men’s Journal

ကွီးအနေနဲ့ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခု  လုပ်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်ပါတယ်။ နေ့စဉ် ၁၅ မိနစ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သွားရင် အရွယ်မတိုင်မီ သေဆုံးခြင်းကို ၄ % လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင်ပါတဲ့ သွေးတွေများများ ရောက်နိုင်ပါတယ်။ ကြွက်သားများ သန်စွမ်းကြံ့ခိုင် စေပါလိမ့်မယ်။

(၈) ပျော်ရွှင်စွာနေပါ

long life

Photo : YourDOST

ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ဟာ ကွီးတို့ကို အသက်ရှည်စေပါတယ်။ ပျော်ပျော်နေ တတ်သူများဟာ စောစောသေဆုံးနိုင်ခြေကို ၃.၇% လျှော့ချပေးတယ်လို့ ဆိုပါတယ်။ သုတေသနတခုရဲ့  ဖော်ပြချက်မှာ ပျော်ပျော်နေတတ်သူများဟာ ပုံမှန်လူတွေထက် ၁၈ % ပိုအသက်ရှည်တယ်လို့ သိရပါတယ်။ ပျော်ရွှင်စွာနေတတ်သူများမှာ ဆီရိုတိုနင်၊ ဒိုပါမင်း စတဲ့ဟော်မုန်းတွေ ပိုမိုထွက်ရှိပြီး ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေပါတယ်။ ပျော်ပျော်နေခြင်းဟာ ကွီးအတွက် အသက်ရှည်စွာ အနာမဲ့ကြောင်း နည်းလမ်းကောင်း တွေထဲက တစ်ခုပါ။

ဒါတွေအပြင် စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု မရှိအောင် နေတာ၊ အိပ်ရေးဝအောင် အိပ်တာ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိလာရင် ဆရာဝန်များနဲ့ တိုင်ပင်ကုသတာတွေဟာလည်း ကွီးတို့ လိုက်နာ လုပ်ဆောင်သင့်တဲ့ အသက်ရှည်စွာ အနာမဲ့ ကြောင်း နည်းလမ်းတွေ ဖြစ်ပါကြောင်း လေ့လာ တင်ပြလိုက်ပါတယ်။

Source : WebMD

Featured Photo : Study Finds