မနေ့ညက လက်စတာ စီးတီးအသင်းနဲ့ ကာဒစ်ဖ် စီးတီးအသင်းတို့ ချန်ပီယံရှစ် ပွဲစဉ် (၃)ကို ယှဉ်ပြိုင်ကစားခဲ့ရာ လက်စတာက (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး ကာဒစ်ဖ်အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ဝေးလ်စ် ကစားသမားကြီး အာရွန် ရမ်ဆေး က သွင်းယူခဲ့ပါတယ်။ ရမ်ဆေးဂိုးသွင်းလိုက်တာမို့ ဒီဂိုးနောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကံဆိုးသူမောင်ရှင် ဘယ်သူ ဖြစ်သွားနိုင်မလဲဆိုတာ ဘောလုံး ပရိသတ်တွေကြား တော်တော်လေး လူပြောများနေခဲ့ပါတယ်။

ramsey goal curse

Photo Credit : Know Your Meme

ရမ်ဆေးကျိန်စာလို့ပါ နာမည်ပေးထားရတဲ့အထိ နာမည်ကြီးနေတဲ့ ကိစ္စတစ်ခုဟာ ဝေးလ်စ် ကွင်းလယ်လူ ရမ်ဆေးသွင်းဂိုးတစ်ဂိုး သွင်းယူလိုက်တိုင်းလိုလိုမှာ နာမည်ကျော် လူပုဂ္ဂိုလ်တစ်ဦးဦးက တိုက်တိုက်ဆိုင်ဆိုင် ကွယ်လွန်သွားတက်တာကြောင့်ပါ။ ရမ်ဆေးက ကစားသမားဘဝအတွင်း သွင်းဂိုး စုစုပေါင်း (၇၆)ဂိုးအထိ သွင်းယူထားခဲ့ရာ အဲ့ဒီထဲကမှ (၂၃)ဂိုးကတော့ ဘယ်လို ကံတရား တိုက်ဆိုင်မှုတွေကြောင့်ပင်မသိ အဲ့ဒီ (၂၃)ဂိုးနောက်ပိုင်းမှာ လူသိထင်ရှားတဲ့ လူ (၂၃)ယောက် အကြောင်းအမျိုးမျိုးနဲ့ ဆုံးပါး ကွယ်လွန်ခဲ့ရပါတယ်။

goal curse

Photo Credit : Know Your Meme

အလွန် ထူးဆန်းလွန်းတဲ့ တိုက်ဆိုင်မှုတွေက ရမ်ဆေးဂိုးတစ်ခါ သွင်းပြီးတိုင်း အဲ့ဒီနေ့ ဒါမှမဟုတ် နောက်ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပေါ်လာတက်ပါတယ်။ ရမ်ဆေးဂိုးသွင်းယူပြီးနောက် ဆုံးပါးသွားကြသူတွေထဲမှာ စတိဗ် ဂျော့ ၊ မူအန်မာ ဂဒါဖီ ၊ အိုစမာ ဘင်လာဒင် ၊ ဝှိုက်တနီ ဟူစတန် ၊ ရော်ဂျာ မိုး ၊ ဒေးဗစ် ဘိုဝီ ၊ ပေါလ် ဝေါလ်ကာ ၊ ရော်ဘီ ဝီလီယံစ် ၊ အလန် ရစ်ခ်မန်း ၊ နန်စီ ရေဂန် အစရှိတဲ့ တကယ့် အထင်ကရ လူပုဂ္ဂိုလ်တွေက အမြောက်အများကို ပါဝင်နေခဲ့ရပါတယ်။

ramsey cardiff

Photo Credit : Cardiff City

ဒီလိုတွေ ရူးချင်စရာကောင်းလောက်အောင် တိုက်ဆိုင်မှုတွေ ရှိနေရတဲ့ ရမ်ဆေးဟာ မနေ့ညက ကင်းပါဝါကွင်းမှာ လက်စတာဘက်ကို ဂိုးတစ်ဂိုး သွင်းလိုက်နိုင်တာကြောင့် တစ်ဦးတစ်ယောက်များ ကျိန်စာထိသွားမလားဆိုပြီး စိုးရိမ်နေကြသလို ဘယ်သူများ ဆုံးပါးတော့မလဲ ဆိုတာကိုပါ သိချင်နေကြပါတယ်။ တကယ်တော့ ရမ်ဆေးဂိုးမသွင်းတာ တစ်နှစ် နီးပါးလောက်အထိ ရှိနေပါပြီ။ ရမ်ဆေးက သူရဲ့ boyhood ကလပ် ကာဒစ်ဖ်အတွက် ဂိုးသွင်းပေးနိုင်လို့ ပျော်ခဲ့ရပေမယ့် ဒီဂိုးရဲ့ နောက်ဆက်တွဲမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာနိုင်တဲ့ ကိစ္စအတွက်ကိုတော့ အားလုံးက ရင်တမမနဲ့ ဖြစ်နေကြရပါတယ်။

Featured Photo : Sports Brief