ပရော်ဖက်ရှင်နယ် အားကစားသမား တွေ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ ရေခဲစိမ်းခြင်းလို့ခေါ်တဲ့ Ice Bath လုပ်တဲ့ အလေ့အထ ပြုလုပ်တာကို တွေ့ဖူးကြမှာပါ။ အနီးစပ်ဆုံးပြောရရင် ပေါ်တူဂီလက်ရွေးစင် ကစားသမား ခရစ္စတီးယားနို ရော်နယ်လ်ဒိုဆိုရင် ပုံမှန် Ice Bath လုပ်လေ့ရှိပါတယ်။ တကယ်တော့ ဒီလိုရေခဲစိမ်တဲ့ အလေ့အထဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အားကစားသမားတော်တော်များများ ပြုလုပ်ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ Ice Bath ဆိုတာကို အလွယ်ပြောရမယ်ဆိုရင်တော့ ကြွက်သားဆိုင်ရာ ပြဿနာအမျိုးမျိုးကို ကုသဖို့အတွက် ရေခဲအပြည့်ထည့်ထားတဲ့ တစ်ကိုယ်စာ ကန်လေးထဲမှာ ဦးခေါင်းကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်အောင် မိနစ်အပိုင်းအခြားအလိုက် စိမ်ပေးရတာဖြစ်ပါတယ်။ ဒါက Cryotherapy ပုံစံတစ်မျိုးပါပဲ။ Ice Bath လုပ်ဖို့အတွက် အသင့်တော်ဆုံး အပူချိန်မှာ ၅၀ ကနေ ၅၉ ဒီဂရီ ဖာရင်ဟိုက်ဝန်းကျင်ဖြစ်ပြီး အချိန်အားဖြင့် ၃ မိနစ်ကနေ ၁၀ မိနစ်အတွင်းသာ စိမ်သာသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အားကစား လုပ်သူတွေအနေနဲ့ ဘာကြောင့် Ice Bath လုပ်သင့်လဲ ၊ Ice Bath လုပ်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်

Ice Bath

Photo : Verywell Fit

ရေခဲရေစိမ်တဲ့အခါ အအေးဓာတ်က သွေးကြောတွေကို ယာယီကျဉ်းသွားစေပါတယ်။ ဒါက ကြွက်သားတွေဆီသို့ သွေးစီးဆင်းမှုကို လျော့ကျစေတဲ့အတွက် ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ Ice Bath ကုထုံးဟာ အားကစားသမား တွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။

(၂) ကြွက်သား နာကျင်မှုကို သက်သာစေတယ်

Ice Bath

Photo : Men’s Health

ရေခဲစိမ်ခြင်းက ရောင်ရမ်းခြင်းကိုသက်သာစေပြီး အာရုံကြောအချက်ပြမှုကို နှေးကွေးစေတဲ့အတွက် ကြွက်သားနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ လောလောလတ်လတ် ဖြစ်ပေါ်လာတဲ့ ကြွက်သားတွေ နာကျင်တာ ၊ ကိုက်ခဲတဲ့ ဝေဒနာတွေကို ရေခဲစိမ်ပေးခြင်းဖြင့် သက်သာရာ ရစေနိုင်ပါတယ်။ ရေခဲစိမ်ခြင်းဟာ နာတာရှည် နာကျင်မှုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ပြောကြပေ့မယ်လည်း နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုနေပါသေးတယ်။

(၃) Recovery ပြန်ရစေဖို့ ကူညီပေးတယ်

Photo : Everyday Health

ရေခဲစိမ်ပြီးတာနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့သွေးကြောတွေက ကျယ်လာပြီး သွေးကြောတွေကို ပွင့်စေတဲ့အတွက် သွေးလည်ပတ်မှု ပိုမိုတိုးတက်ကောင်းမွန် စေပါတယ်။ ၂၀၂၁ ခုနှစ်က လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းလုပ်ပြီးနောက် Ice Bath ပြုလုပ်ပေးတဲ့ အားကစားသမားတွေဟာ လေ့ကျင့်ခန်းလုပ်စဉ်အတွင်းက ရရှိခဲ့တဲ့ နာကျင်ကိုက်ခဲမှု ရောင်ရမ်းမှုတွေကို အမြန်ဆုံး သက်သာသွားစေပြီး Recovery ပြန်ရစေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်ကြွက်သားတည်ဆောက်မှုနဲ့ အားကစားစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။

(၄) ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေတယ်

 Ice Bath

Photo : Spartan Race

လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေခဲရေကန်ထဲမှာ ၁၀ မိနစ် ဝန်းကျင်ခန့် စိမ်ပေးတာက ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျော့ကျစေကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်ပြီးနောက် ချွေးထွက်များခြင်းနဲ့ ပြင်ပရာသီဥတု အပူဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်

 Ice Bath

Photo : RUNGA

Ice Bath လုပ်ခြင်းက Mental Health ကိုလည်း အကျိုးပြုပါတယ်။ အသေးစား လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် မိနစ် ၂၀ ခန့် ရေခဲစိမ်ပေးတာဟာ ဂေါက်ရောဂါရှိသူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ ရောဂါဝေဒနာရှင်တွေအနေနဲ့ ရေခဲစိမ်ပြီးနောက်မှာ အဆစ်အမြစ်တွေ လှုပ်ရှားရပိုကောင်းပြီး စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ လျော့နည်းသွားစေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ရေအေးနဲ့ ထိတွေ့ခြင်းက စိတ်ဖိစီးမှုကို တုံ့ပြန်မှုဖြစ်စေပြီး အာရုံကြောစနစ်ကို တက်ကြွစေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ ဒိပြောင်းလဲမှုတွေက စိတ်ခံစားချက်တွေကို ကောင်းမွန်စေပြီး အချိန်ကြာလာသည်နဲ့အမျှ စိတ်ဖိစီးမှုကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါအပြင့် ရေခဲစိမ်တဲ့အခါ အသက်ပြင်းပြင်းရှူခြင်းနဲဒဲ့ တရားထိုင်ခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်တဲ့ အားကစားသမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကြံ့ခိုင်ပြီး ကိုယ်ခံအားစနစ်လည်း‌ ကောင်းမွန်လာတာကို တွေ့ရပါတယ်။

Ice Bath ပြုလုပ်နည်း အဆင့်ဆင့်

Ice Bath လုပ်ဖို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေတော့ မရှိပါဘူး။ Ice Bath ပြုလုပ်နိုင်တဲ့ Gym နဲ့ အားကစားရုံ သို့မဟုတ် Spa တွေမှာ သွားရောက် Try ကြည့်နိုင်သလို မိမိအိမ်က Bathtub ဒါမှမဟုတ် လူတစ်ကိုယ်စာ စိမ်လို့ရမယ့် ရေကန် ၊ လေထိုးကန်တွေနဲ့လည်း လွယ်လွယ်ကူကူ ပြုလုပ်လို့ရပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေအနေနဲ့ကတော့ ရေခဲတုံး ၊ သာမိုမီတာနှင့် အချိန်မှတ်ကိရိယာ Timer (စမတ်ဖုန်းမှာပါတဲ့ Timer ကိုလည်း သုံးနိုင်ပါတယ်) တို့ပဲ ဖြစ်ပါတယ်။

စိမ်မှာ ရေကန်ထဲကို အခန်းအပူချိန်မှာရှိတဲ့ ရေထည့်ပါ။

ထို့နောက် ရေကန်ထဲကို ရေခဲတုံးတွေ ဖြည်းဖြည်းချင်း ထည့်ပါ။

ပြီးရင်တော့ ရေရဲ့အပူချိန်ကို 50 ကနေ 59°F အတွင်း ရှိမရှိကို အပူချိန်တိုင်း ကိရိယာ သာမိုမီတာနဲ့ စစ်ဆေးပါ။

ရေကန်ထဲမစိမ်မီ သက်တောင့်သက်သာရှိတဲ့ အားကစား ဘောင်းဘီနဲ့ အင်္ကျီတို့ကို ဝတ်ဆင်ပါ။

Timer မှာ အချိန် ၅ မိနစ်ကနေ ၁၀ မိနစ် အတွင်း သတ်မှတ်ပြီး ရေကန်ထဲသို့ ဖြည်းဖြည်းချင်းဆင်းပြီး စိမ်ပါ။ ကြွက်သားတွေ အေးခဲထုံကျင်လာသလို ခံစားရပါလိမ့်မယ်။ အသက်ကိုမှန်မှန်ရှုသွင်းရှုထုတ်လုပ်ပြီး စိတ်ကိုလျော့ထားပါ။ ကိုယ်ခံနိုင်ရည်ရှိသလို အချိန်အတိုင်းအတာကို စိမ်နိုင်ပါတယ်။

ရေကန်ထဲက ပြန်တက်ချိန်မှာ ခြောက်သွေ့တဲ့အဝတ်အစားအသစ်တစ်စုံမလဲမီ တဘက်နဲ့ ရေခြောက်အောင် သုတ်ပေးဖို့လိုပါတယ်။ ဒါဆိုရင်တော့ Ice Bath လုပ်ခြင်း အောင်မြင်စွာ ပြီးသွားပါပြီ။

ကွီးတို့ရော Ice Bath လုပ်ခြင်းကို Try ကြည့်ဖူးပါသလား ၊ ကိုယ်တွေ့ အတွေ့အကြုံတွေကိုလည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Featured Photo : Beforeyouspeak Coffee