ခန္ဓာကိုယ်ရဲ့ ခွန်အားအများစုဟာ လက်ဖျံကြွက်သားတွေမှာ စုဝေးတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့ တော်တော်များများ ကြွက်သားတည်ဆောက်ကြတဲ့အခါ Biceps နဲ့ Six-pack Abs ကြွက်သားတွေကို အလေးပေးကစားကြတာ များပေမယ့် ခွန်အားအများစု သိုလှောင်ရာ လက်ဖျံကြွက်သားတွေကိုလည်း ကစားပေးဖို့ မေ့မထားသင့်ပါဘူး။ သင့်အနေနဲ့ အားကောင်းမောင်းသန် လူသန်ကြီး တစ်ယောက် ဖြစ်လာဖို့ဆိုရင် အခုပြောပြမယ့် အကောင်းဆုံး လက်ဖျံလေ့ကျင့်ခန်းတွေကို ကစားပေးဖို့ လိုပါမယ်။

(၁) Dumbbell Wrist Flexion

Source : RADCENTRE

Dumbbell Wrist Flexion လေ့ကျင့်ခန်းက ရိုးရှင်းပေမယ့်လည်း လက်ဖျံကြွက်သားတွေအတွက်တော့ အထိရောက်ဆုံးသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက လက်ကောက်ဝတ်နေရာကို အဓိကပစ်မှတ်ထားပြီး လက်ဖျံကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှုကို အားကောင်းလာစေဖို့ ကူညီပေးပါတယ်။ ၁၂ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၂) Reverse Curl

Source : Functional Bodybuilding

Reverse Curl လေ့ကျင့်ခန်းကတော့ အကောင်းဆုံး လက်ဖျံလေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပြီး ၊ သွေးစီးဆင်းမှုကို မြှင့်တင်ပေးကာ မေ့လျော့ခံ ကြွက်သားအုပ်စုတွေရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုကို တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ဒီလေ့ကျင့်ခန်းက လက်ဖျံကြွက်သားတွေအပြင် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်း တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ၁၂ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၃) Hammer Curl

Source : Functional Bodybuilding

Hammer Curl ကိုတော့ အခြေခံအားဖြင့် Bicep လေ့ကျင့်ခန်းလို့ လူသိများပေမယ့် အမှန်တကယ်တော့ လက်ဖျံကြွက်သားတွေကိုပါ ကျုံ့ဆန့်ပြီး ကစားပေးရတဲ့အတွက် လက်ဖျံရော Bicep ကြွက်သားတွေကိုပါထိတဲ့ ပေါင်းစပ်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Hammer Curl ဟာ လက်ဖျံကြွက်သားအတွက် သီးသန့် လေ့ကျင့်ခန်းတစ်ခု မဟုတ်ပေမယ့်လည်း လက်ဖျံကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးစေဖို့တော့ ကူညီပေးပါတယ်။ ၁၂ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၄) Zottman Curl

Source : Marcus Filly

လက်ဖျံကြွက်သားတွေကို ကျစ်လစ်သန်မာပြီး အားကောင်းမောင်းသန် လူသန်ကြီးတစ်ယောက်ဖြစ်ဖို့ Zottman Curl လေ့ကျင့်ခန်းကိုလည်း သေချာပေါက် ကစားပေးဖို့ လိုပါမယ်။ ဒီလေ့ကျင့်ခန်းကလည်း လက်ဖျံကြွက်သားရော Bicep ကြွက်သားတွေကိုပါ တပြိုင်နက်တည်း ထိရောက်မှုရှိစေတဲ့ ပေါင်းစပ်လေ့ကျင့်ခန်းတစ်ခုပါ။ ၁၂ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၅) Farmer’s Walk

Source : Marcus Filly

အခြေခံအကျဆုံး လက်ဖျံလေ့ကျင့်ခန်းတွေထဲက တစ်ခုကတော့ Farmer’s Walk လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းဟာ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေရဲ့ ကြံ့ခိုင်မှုကို တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရှိ အခြားကြွက်သားတွေနဲ့ ချိတ်ဆက်ပေးဖို့ လုပ်ဆောင်ပေးပါတယ်။ လွယ်ကူကူနဲ့ ထိရောက်စွာ ကစားနိုင်မယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

Source : Man of Many

Featured Photo : Man of Many