အားလပ်ရက် တွေဆိုရင် အိပ်ရာထဲမှာ ဖြတ်သန်းဖြစ်နေတဲ့ ကွီးတို့ကတော့ အခုဆောင်းပါးလေးကို သေချာပေါက် ဖတ်သင့်ပါတယ်။ တစ်ပတ်တာလုံးမှာ ရှားရှားပါးပါးရလာတဲ့ အားလပ်ရက်လေးတွေမှာ ကောင်းကောင်းအနားယူသင့်သလို အဖိုးတန်လှတဲ့ အချိန်တွေကိုလည်းအကျိုးရှိစွာ ဖြတ်သန်းသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အားလပ်ရက်ကို တန်ဖိုးရှိရှိ ဘယ်လိုကုန်ဆုံးရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး မျှဝေပေးချင်ပါတယ်။

(၁) ဆိုရှယ်မီဒီယာတွေနဲ့ ခပ်ကင်းကင်းနေပါ

Photo : Pexels

အားလပ်ရက်ကို အိပ်ရာထဲမှာပဲ ဖုန်းလေးသုံးလိုက် ၊ ဂိမ်းဆော့လိုက် ဖြတ်သန်းနေဖို့ မသင့်တော်ပါဘူး။ ကိုယ့်အတွက် ကွာလတီရှိတဲ့ သီးသန့်အချိန်တစ်ခုပေးပြီး အမှန်တကယ် ကောင်းမွန်တဲ့ အနားယူမှု ရယူဖို့ လိုပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဆိုရှယ်မီဒီယာတွေနဲ့ ခပ်ကင်းကင်း နေဖို့ပါ။ အားလပ်ရက်မှာ အဆိပ်အတောက်များတဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးမပြုခြင်းဖြင့် စိတ်ရောခန္ဓာကိုယ်ပါ ငြိမ်သက်အေးချမ်းမှုကို ရှာဖွေသင့်ပါတယ်။

(၂) ကျန်းမာရေးနဲ့ အညီ ချက်ပြုတ်စားပါ

cooking

Photo : The Manual

ရုံးတက်ရက်တွေမှာ အချိန်မရလို့ ၊ အလုပ်များလို့ အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့အများစုဟာ အစားအသောက်ကို ဖြစ်သလိုပဲ စားတက်ကြပါတယ်။ ဒါက ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် အားလပ်ရက်မှာတော့ မိသားစုနဲ့အတူ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားသောက်ဖို့ အကြံပေးချင်ပါတယ်။

(၃) ပျော်စရာတစ်ခုခု လုပ်ပါ

 playing guitar

Photo : Careers In Music

ကိုယ့်ကို ပျော်စေတဲ့အရာတွေ အတွက်လည်း အချိန်ပေးသင့်ပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်မှုပေးစွမ်းမယ့် ဝါသနာပါတဲ့အရာလေးတွေ လုပ်တာ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ၊ အသားအရေ ထိန်းသိမ်းတာ ၊ Volunteer လုပ်တာ စသည်ဖြင့်ပေါ့။ ပျော်စရာအစီအစဉ်တစ်ခုခုကို ရေးဆွဲပြီး အားလပ်ရက် ကို ပျော်ပျော်ကြီး ဖြတ်သန်းသွားသင့်ပါတယ်။

(၄) စာအုပ်ဖတ်ပါ

reading book

Photo : Medium

စာဖတ်ခြင်း အလေ့အထအကြောင်းကိုတော့ အထူးတလည် ပြောပြနေဖို့ လိုမယ်မထင်ပါဘူး။ အားလပ်ရက်မှာ ကိုယ်ဖတ်ချင်ဆုံး စာအုပ်တစ်အုပ် ၊ ကော်ဖီတစ်ခွက်နဲ့ ဖြတ်သန်းရတဲ့ အရသာကို မြည်းစမ်းကြည့်ပါ။ စာဖတ်တာဟာ အသိပညာဗဟုသုတကို ကြွယ်ဝစေသလို ဆင်ခြင်တုံတရားနဲ့ အဆိုးအကောင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြင့်တက်စေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ကျစေဖို့ ကူညီပေးပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

exercise

Photo : Verywell Fit

ရုံးတက်ရက်တွေကို ပြန်မရောက်ခင် တက်ကြွလန်းဆန်းမှုအပြည့်နဲ့ ခွန်အားအသစ်တွေ ရရှိစေဖို့ အားလပ်ရက်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တချို့ကိုလည်း လုပ်ဆောင်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်နဲ့ ခန္ဓာအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပြီး တက်ကြွလန်းဆန်းမှု ၊ အားအင်အသစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

Featured Photo : Freepik