ဂျက်ဆီ လင်ဂတ် ရဲ့ အစ်ကို ဟာ ညီဖြစ်သူရဲ့ နောက်ဆုံး အိမ်ကွင်းပွဲ စဉ်ဖြစ်နိုင်တဲ့ ဘရန့်တ်ဖို့ဒ် နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင် ကစားခွင့်မပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အဆင့်အတန်းမဲ့တဲ့ လုပ်ရပ်လို့ ပြစ်တင်ကြိမ်းမောင်းသွားခဲ့ပါတယ်။
Photo : Manchestereveningnews
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့ညနေက အိုးထရက်ဖို့ဒ်မှာ ဘရန့်တ်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ နောက်ထပ်တစ်ကြိမ် အရန်ခုံမှာ ထိုင်ခိုင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရန့်တ်ဖို့ဒ်အသင်းကို ဘရူနို ဖာနန်ဒက်စ်၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဗာရွန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းမှာ ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း မိနစ် ၇၀ ကျော်လောက်မှာ ၃ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရန်းနစ်ခ်ဟာ လင်ဂတ်ကို ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကို အသုံးမပြုဖြစ်တဲ့ အရန်ကစားသမားအဖြစ်နဲ့သာ ထားထားခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့တပြိုင်နက် အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး လင်ဂတ်ရဲ့အစ်ကိုဖြစ်သူ လူဝီ စကော့က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Photo: Gettyimages
“နှစ်ပေါင်း ၂၀ လောက် ချွေးစက်တွေနဲ့မျက်ရည်တွေ ပေးဆပ်ခဲ့ပြီး ပြည်တွင်းဖလား ၄ လုံး၊ ဖလားဗိုလ်လုပွဲသွင်းဂိုး ၃ ဂိုး ရယူပေးခဲ့တာတောင်မှ နှုတ်ဆက်ခွင့် မရခဲ့ဘူး။ လာမယ့်နှစ် ကွန်းဖရင့်လိဂ်မှာ ကစားရမှာ သိပ်တော့ မဆန်းပါဘူး။ အသင်းတွေကို စူပါလိဂ်ဆီ ရောင်းစားခံနေရတဲ့အချိန်မှာတော့ အဆင်ပြေနေပြီး ကစားသမားတွေကိုကျတော့ အောင်ပွဲခံပုံအတွက် တိုက်ခိုက်ကြတယ်။ ၉၂ မျိုးဆက်၊ ဘတ်စ်ဘီ ချာတိတ်လေးတွေ၊ မင်းတို့က လူကျွံထောင်ချောက်တောင် မသိကြတဲ့ လူတွေနဲ့ ဟုတ်လှပြီ မှတ်နေကြတာ။ အဆင့်အတန်းမဲ့ပြီး ပရိသတ်တွေအနေနဲ့ အမှန်ကို သိဖို့ လိုတယ်။ ကောင်းသောညပါ။ ဘုရားသခင် ကောင်းချီးပေးပါစေ”
“အဲဒီမှာ ၉ နှစ်သားကတည်းက ရှိနေခဲ့ပြီး နှုတ်ဆက်ပွဲတောင် လုပ်ခွင့်မရခဲ့ဘူး။ ဝမ်းသာပါတယ် ဘရို။ မင်းမိသားစုက ဂုဏ်ယူနေပါတယ်”လို့ ရေးသားခဲ့ပါတယ်။
Featured Photo: Metro