လူတော်တော်များများဟာ သူတို့ရဲ့ ဘဝမှာ ဖြစ်ချင်တဲ့ အရာတွေ၊ အိမ်မက်တွေ ရှိကြပါတယ်။ ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ အိမ်မက်ဖြစ်စေ၊ အရွယ်ရောက်မှ ပေါ်ပေါက်လာတဲ့ ဖြစ်ချင်တဲ့ အိမ်မက်ဖြစ်ပါစေ၊ ကိုယ်လိုချင်တဲ့အရာအတွက် စိတ်ကူးအိမ်မက်ရှိခြင်းက လူသားတွေ အသက်ရှင်နေရခြင်းရဲ့ အနှစ်သာရ တစ်ခုပဲ ဖြစ်ပါတယ်။ ဘဝမှာ ဖြစ်ချင်တဲ့အရာ၊ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးအိမ်မက် မရှိရင် အသက်ရှင်နေရတာ လေးနက်မှုရှိမှာ မဟုတ်ပါဘူး။ ကွီးတို့မှာလည်း အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူးယဉ် အိမ်မက်တွေ ကိုယ်စီရှိကြမှာပါ။ မိမိတို့ ဘဝမှာ ဖြစ်ချင်တဲ့ အိမ်မက်တွေဟာ တစ်ခုထက်များသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အရေးမကြီးပါဘူး။ အိမ်မက်တွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ဖို့ပဲ အရေးကြီးတာပါ။
Photo : Joyn Digital
လူအများစုဟာ ၎င်းတို့ရဲ့ ဘဝမှာ အိမ်မက်တွေ ကိုယ်စီရှိကြပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ပြီး အောင်မြင်မှုရရှိဖို့ ဆိုတာတော့ ထင်သလောက် မလွယ်ကူပါဘူး။ ကိုယ်ရည်မှန်းထားတဲ့ အိမ်မက်ဟာ ကြီးရင်ကြီးသလောက် ကိုယ့်ဘက်က ထည့်သွင်းရမဲ့ ကြိုးစားအားထုတ်မှုဟာလည်း ကြီးမားပါတယ်။ ဒါကြောင့် ကွီးတို့ဘဝမှာ ရည်မှန်းထားတဲ့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်စေဖို့ နည်းလမ်းကောင်းများ ကိုဖော်ပြပေးချင်ပါတယ်။
ကိုယ့်ရဲ့ အိမ်မက်ကို သေချာသိပါစေ
Photo : Everday Power
ကွီးတို့ရဲ့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် ကွီးတို့ရဲ့ ဖြစ်ချင်တဲ့ အိမ်မက်ဟာ ဘာလဲဆိုတာ အရင်ဆုံးသိဖို့လိုပါတယ်။ ကွီးတို့အိမ်မက်က ချမ်းသာဖို့လား၊ အောင်မြင်ပျော်ရွှင်ဖို့လား၊ ကျော်ကြားဖို့လား၊ အဆိုတော် ဒါမှမဟုတ် ပူပင်ကြောင့်ကျမှုကင်းကင်းနေချင်တာလား စသည်ဖြင့် ကိုယ်အမှန်တကယ် ရယူပိုင်ဆိုင်ချင်တာကို သေချာသိဖို့လိုပါတယ်။ ကွီးတို့အနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ သေချာသိထားမှသာ ကွီးတို့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ စတင်နိုင်မှာပါ။
ဖြစ်ချင်တဲ့ အိမ်မက်တွေ များနေရင် ကွီးတို့အတွက် အရင်ဆုံးအကာင်အထည်ဖော်နိုင်မဲ့ အိမ်မက်တစ်ခုကို ရွေးချယ်ပါ။ ပိုပြီးထင်သာမြင်သာရှိစေရန် ကွီးတို့ အိမ်မက်ကို ချရေးထားပါ။ စာရွက်ပေါ်မှာ ချရေးပြီး ကွီးတို့မြင်နိုင်တဲ့ နေရာမှာ ကပ်ထားခြင်းဖြင့်လည်း ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ်။
အတားအစီးတွေကို ဖယ်ရှားပါ
Photo : VistaCreate
ကွီးတို့ရဲ့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်စေဖို့ ပထမဆုံးနဲ့ အကြီးမားဆုံး အတားအဆီးက ကွီးတို့ကိုယ်တိုင်ပါပဲ။ လူအချို့ဟာ ကြီးကြီးမားမား အိပ်မက်မက်တတ်ပေမယ့် ပခုံးတွန့်ပြီး ဘာမှဖြစ်မလာတတ်တာတွေ့ ရမှာပါ။ ဒီလိုမဖြစ်ဖို့ဆိုရင် ကွီးတို့ကို တားဆီးထားတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့လိုပါတယ်။
ကွီးတို့အနေနဲ့ အိမ်မက်ဆီကို လျှောက်လှမ်းတဲ့နေရာမှာ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအမှားတွေ၊ ကျရှုံးမှုတွေထဲက ရုန်းမထွက်နိုင်ဘဲ အတိတ်မှာပဲ ပိတ်မိနေတာဟာ တကယ်ကို ကြီးမားတဲ့ အတားအဆီးပါ။ ကျရှုံးမှုတွေ၊ အမှားတွေထံမှ သင်ယူပါ။ နောက်ကိုလှည့်မကြည့်ဘဲ အိမ်မက်ဆီကိုသာ ဦးတည်ပါ။ အကြောက်တရားတွေ၊ တွန့်ဆုတ်မှုတွေကို ဖယ်ရှားပြီး ကွီးတို့အိမ်မက်တွေဆီသို့ တစိုက်မတ်မတ် လျှောက်လှမ်းပါ။
စိတ်အားထက်သန်မှုနဲ့ တစ်ဆင့်ချင်း တတ်လှမ်းပါ
Photo : Inc. Magazine
ကွီးတို့ရဲ့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုက်နာကျင့်သုံသင့်တဲ့ နည်းလမ်းကောင်း တစ်ခုကတော့ စိတ်အားထက်သန်မှု ရှိဖို့ပါပဲ။ ကွီးတို့ရဲ့စိတ်ကူးအိပ်မက်တွေကို စိတ်ကူးသက်သက်အဖြစ် မပြီးဆုံးစေလိုက်ပါနဲ့။ အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ စိတ်အားထက်သန်မှုရှိစွာ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။
ကွီးတို့အနေနဲ့ အိမ်မက်ကြီးကြီးမားမားနဲ့ အရင်စတင်ဖို့မလိုအပ်ပါဘူး။ နေ့ချင်းညချင်း အိမ်မက် ကြီးကြီးမားမားတွေ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုနဲ့ အချိန်လိုအပ်ပါတယ်။ ဒါကြောင့် အိပ်မက်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့အတွက် ပန်းတိုင်ငယ်လေးတွေအဖြစ် ပိုင်းခြားပြီး ချဉ်းကပ်နိုင်ပါစေ။ ပန်းတိုင်ငယ်လေးတွေ တစ်ခုချင်းအောင်မြင်လာတဲ့ အခါ ပိုမို ကြီးမားတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာ အသေအချာပါပဲ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ
Photo : Management Weekly
ဘယ်အရာကို မဆို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ စွန့်ဦးတီထွင်သူတွေ၊ လုပ်ငန်းရှင်တွေကို ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းခဲ့ ကြသူတွေချည်းပါပဲ။
ကွီးတို့အနေနဲ့ အိမ်မက်ကို စတင်အကောင်အထည်ဖော်တော့မယ် ဆိုရင် “ငါ မလုပ်နိုင်လောက်ဘူး” ဆိုတဲ့ စိတ်နဲ့ မတင်ပါနဲ့။ ငါဟာ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ထားရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စတင်တဲ့ အလုပ်တိုင်းဟာ အောင်မြင်ဖို့ မခဲယဉ်းပါဘူး။
ကြိုးစားပါ
Photo : Forbes
အောင်မြင်မှုတိုင်းရဲ့ အစက အိမ်မက်တွေပဲလို့ ဆိုပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်မက်တွေရောက်ရှိအောင်မြင်နိုင်ဖို့အတွက် အရေးကြီးတဲ့ တစ်ချက်ကျန်ပါသေးတယ်။ ဒါကတော့ ကြိုးစားအားထုတ်မှုပါပဲ။ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့ ကွီးတို့လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရှိနိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ အိမ်မက်ပန်းတိုင်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်စေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေက ကွီးတို့ရဲ့ အိမ်မက်ပန်းတိုင်တွေ ဆီကို အရောက်ခေါ်သွားပေးမဲ့ လှေကားထစ်လေးတွေ ဖြစ်စေမှာပါ။
Featured Photo : Entrepreneur