တက်တူးဒီဇိုင်းတွေ များစွာရှိတဲ့အထဲမှာ အီဂျစ် တက်တူးတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့အထဲမှာ ပါပါတယ်။ အီဂျစ် တက်တူး တွေနဲ့ ပတ်သတ်ပြီး မျက်လုံးတွေ ၊ ရှေးခေတ်ရိုးရာ နတ်ဘုရားပုံတွေနဲ့ ကြောင်ပုံတက်တူးဒီဇိုင်းတွေက လူသိများ ထင်ရှားပါတယ်။ နောက်ထပ် အီဂျစ်တက်တူးတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံအကြောင်းအရင်းတွေ ၊ ဒီဇိုင်း/စတိုင်တွေ အများကြီးရှိနေပါသေးတယ်။ ဒီတစ်ခေါက်တော့ အီဂျစ်တက်တူး တွေအကြောင်း ပြောလိုက်ရအောင်ပါ။
(၁) မျက်လုံးတက်တူးဒီဇိုင်း
Photo : The Trend Spotter
အဓိပ္ပါယ်ပြည့်ဝတဲ့ တက်တူး ဒီဇိုင်းမျိုးမှ ထိုးချင်တဲ့ ကွီးတို့အတွက်ကတော့ အီဂျစ် မျက်လုံးတက်တူးဒီဇိုင်းက ရွေးချယ်စရာတစ်ခုပါပဲ။ Eye of Horus လို့ခေါ်တဲ့ အီဂျစ်မျက်လုံး တက်တူးတွေက မိမိကိုယ်မိမိ တိုးတက်စေမယ့် ပုံရိပ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒါ့အပြင် စွမ်းအားနဲ့ ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့လည်း ဆက်စပ်နေတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။
(၂) ပိုးကောင်တက်တူးဒီဇိုင်း
Photo : The Trend Spotter
မြန်မာလိုဆိုရင်တော့ နွားချေးပိုးလို့ ခေါ်ကောင်းခေါ်မယ် ထင်ပါတယ်။ ဒီပိုးကောင်ဟာ ရှေးခေတ်အီဂျစ်တစ်ခွင်မှာ တွင်ကျယ်စွာရေပန်းစားခဲ့တဲ့ သက်ရှိအင်းဆက် ပိုးမွှားတစ်မျိုးပါ။ အဓိကအားဖြင့် အဆောင်လက်ဖွဲ့တွေ ၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ပတ်သတ်ပြီး ထင်ရှားပါတယ်။ ချမ်းသာကြွယ်ဝခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ်လည်း သတ်မှတ်ကြပြီး အသက်ရှည်ခြင်း ၊ ပြန်လည်ရှင်သန်ခြင်းနဲ့ ကံကောင်းခြင်း စတဲ့ အရာတွေနဲ့ ဆက်နွယ်နေပါတယ်။
(၃) ကြောင်တက်တူးဒီဇိုင်း
Photo : The Trend Spotter
ရှေးခေတ်အီဂျစ်တွေအတွက် ကြောင်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေထက်ကို အများကြီးပိုပါတယ်။ ကြောင်တွေဟာ အီဂျစ်တွေအတွက် အလွန်လေးစားခံရသူတွေဖြစ်ပြီး ကံကောင်းခြင်းနဲ့ အကာအကွယ်ပေးဆောင်နိုင်တဲ့ တိရစ္ဆာန်တွေအဖြစ် လက်ခံယုံကြည် ထားကြပါတယ်။
(၄) အီဂျစ်နတ်ဘုရားတက်တူးဒီဇိုင်း
Photo : The Trend Spotter
ရှေးခေတ်အီဂျစ်တခွင်မှာ နတ်ဘုရားကိုးကွယ်ယုံကြည်မှု အလေ့အထတွေဟာ သိပ်ကိုခေတ်စားခဲ့ပါတယ်။ အီဂျစ် နတ်ဘုရားတက်တူးဒီဇိုင်းတွေဟာလည်း အီဂျစ်တို့ရဲ့ ကိုးကွယ်ယုံကြည်မှု အလေ့အထတွေနဲ့ ဆက်စပ်နေပြီး ခွန်အား ၊ စွမ်းအားနဲ့ အသိပညာစတဲ့ အဓိပ္ပါယ်များစွာကို ဖော်ဆောင်နေတဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။
(၅) အီဂျစ်ဘုရင်မတက်တူးဒီဇိုင်း
Photo : The Trend Spotter
စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ရှေးအီဂျစ်ပြည်ရဲ့ အုပ်စိုးရှင်တွေဟာ ယောက်ျားသားတွေပဲ မဟုတ်ပါဘူး။ အီဂျစ်ဘုရင်မရဲ့ ဩဇာလွမ်းမိုးတွေဟာလည်း တော်တော်လေးကို ကြီးမားခဲ့ပါတယ်။ အီဂျစ်ဘုရင်မ တက်တူးဒီဇိုင်းကို ရွေးချယ်ရေးထိုးခြင်းဟာ အမျိုးသမီးတို့ရဲ့ ဖြစ်တည်မှုဘဝ၊ မွေးဖွားခြင်း ၊ စွမ်းအား ၊ စိတ်အားထက်သန်မှု ၊ တပ်မက်မှုနဲ့ အလှတရားတို့ရဲ့ စွမ်းအားကို ဂုဏ်ပြုဖော်ဆောင်ရာ ရောက်ပါတယ်။
(၆) အီဂျစ်ပိရမစ်တက်တူးဒီဇိုင်း
Photo : The Trend Spotter
အီဂျစ်လို့ပြောတာနဲ့ ပိရမစ်တွေနဲ့ တွဲပြီး မြင်တက်ကြပါတယ်။ ဟုတ်ပါတယ် ပိရမစ်တွေဟာ အီဂျစ်ကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုပါပဲ။ ရှေးခေတ် အီဂျစ်ပိရမစ်တွေရဲ့ အဆင့်မြင့်တဲ့ တည်ဆောက်မှုနည်းပညာတွေနဲ့ အရွယ်အစားကြီးမားတွေကြောင့်ပဲ အံ့ဩဖွယ်ရာတွေအဖြစ် ယနေ့ထိတိုင် ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။ အီဂျစ် ပိရမစ်တွေရဲ့ ထင်ရှားမှု ၊ စွမ်းအားရှိမှုနဲ့ ခွန်အားကြီးမားမှုတွေကို ကိုယ်စားပြုတဲ့အနေနဲ့ အီဂျစ်ပိရမစ်ပုံ တက်တူးဒီဇိုင်းတွေကို ရေးထိုးနိုင်ပါတယ်။
တက်တူးချစ်သူ ကွီးတို့ရော အီဂျစ် တက်တူး ဒီဇိုင်းတွေကို ကြိုက်နှစ်သက်ပါရဲ့လား???
Featured Photo : Tatt Mag