မန်ချက်စတာ ယူနိုက်တက်အသင်းက မနေ့ညကပဲ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲကို ဘိုင်ယန်မြူးနစ်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တယ်။ ဒီပွဲကို အနိုင်ရရုံသာမက တစ်ဖက်က ကိုပင်ဟေဂင် နဲ့ ဂါလာတာစာရေးတို့လည်း သရေကျမှ မန်ယူတို့ အုပ်စုကနေ တက်မယ့် အခြေအနေမှာ မန်ယူကိုယ်တိုင် ဘိုင်ယန်ကို ရှုံးပြီး ဂါလာတာကိုလည်း ကိုပင်ဟေဂင်က အနိုင်ယူလိုက်ရာ မန်ယူတို့ ဥရောပကနေ လုံးလုံး ထွက်ခွာလိုက်ရပါတယ်။
Photo Credit : Bayern Muchen
ချန်ပီယံလိဂ် အုပ်စုအဆင့်တွေ မဲခွဲတော့ မန်ယူက ဘိုင်ယန် ဂါလာတာ ကိုပင်ဟေဂင်တို့နဲ့ တစ်အုပ်စုတည်းကျလို့ ဘိုင်ယန် နဲ့ ဂါလာတာလောက်ပဲ မန်ယူအတွက် ခက်ခဲမယ်လို့ ထင်ခဲ့ရပေမယ့်လည်း မန်ယူက ကိုပင်ဟေဂင်ကို အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ချိန်ကသာ အနိုင်ရခဲ့တာ။ ဒါတောင် ပွဲပြီးခါနီး ပင်နယ်တီ မဂိုးခဲ့လို့။ ဘိုုင်ယန်ကို ရှုံး ဂါလာတာကိုလည်း အိမ်ကွင်းမှာ ရှုံး။ ပြီးမှ ကိုပင်ဟေဂင်ကို နိုင်။ ဒါတောင် ဒိန်းမတ်မှာ ထပ်ရှုံးပြီး တူရကီမှာလည်း ဂါလာတာနဲ့ သရေကျခဲ့တဲ့ မန်ယူက နောက်ဆုံးပွဲမှာပါ ဂျာမန် ဘီလူးကြီး ကိုယ့်အိမ်ကွင်း လာတီးတာ ခံလိုက်ရပါသေးတယ်။
Photo Credit : TNT Sports
အုပ်စု (၆)ပွဲမှာ မန်ယူတိုက်စစ်က (၁၂)ဂိုးထိ သွင်းယူရင်း အုပ်စုဗိုလ် ဘိုင်ယန်ရဲ့ ရဂိုးနဲ့ပါ အရေအတွက်ချင်း တူညီနေပေမယ့် ပေးဂိုးမှာတော့ (၁၅)ဂိုးထိ ရုပ်ပျက်ဆင်းပျက် ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒါတွေကြောင့်လည်း မန်ယူရဲ့ ဒီရာသီ ဥရောပ ခရီးစဉ်က တိုတောင်းခဲ့ရတာပါ။ အခုတော့ မန်ယူက ရမှတ်လေး (၄)မှတ်နဲ့ ဥရောပ ဘောလုံးပြိုင်ပွဲဆီကနေ ပြေးထွက်ခဲ့ရပါပြီ။ အသင်းပရိသတ်တွေအတွက်တော့ ချန်ပီယံလိဂ် တီလုံးအပြင် ယူရိုပါလိဂ် တီးလုံးပါ မကြားရတော့တာမို့ အိပ်ရေးပျက်ရမယ့် ညတွေပါ ရပ်တန့်သွားခဲ့ရပါပြီ။ ဒီအချိန်မှာ မန်ယူအနေနဲ့ ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေဖလားတို့အတွက်သာ အပြည့်အဝ အာရုံစိုက်သွားဖို့သာ ကျန်ရှိနေတော့ပြီး လက်ရှိ အခြေအနေမျိုးနဲ့ကတော့ သိပ်မလွယ်ဘူးလို့ပဲ မှတ်ချက်ပြုရပါလိမ့်မယ်။
Featured Photo : Goal