မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ကတော့ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ပြီးနောက် ၁၀ ပတ်ခန့် အနားယူရတော့မှာဖြစ်ကြောင်း ကလပ်အသင်းဘက်က အတည်ပြုခဲ့ပါတယ်။

Anthony Martial

Photo : ESPN

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဒီဇင်ဘာ ၉ ရက်နေ့က ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးကတည်းက ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့် မရတော့တာပါ။

” မာရှယ်ရဲ့ပေါင်ခြံဒဏ်ရာကို ကုသရာမှာ ခွဲစိတ်မှု အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ၁၀ ပတ်ခန့် အနားယူရမှာပါ။ အန်တိုနီ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်။ သူပြန်လာတာကို စောင့်မျှော်နေပါတယ် ” လို့ ယူနိုက်တက်အသင်းဘက်က ထုတ်ပြန်ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

မာရှယ်ဟာ ဒဏ်ရာအခြေအနေကြောင့် ဧပြီလအထိ ကာလရှည် အနားယူရတော့မှာ ဖြစ်ပြီး ပြင်သစ်သားရဲ့ စာချုပ်သက်တမ်းဟာလည်း အခုလာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မိုနာကို တိုက်စစ်မှူးဟောင်းဟာ ဒီရာသီမှာ ပေါင်ခြံဒဏ်ရာခွဲစိတ်မှုမတိုင်မီ ဖျားနာမှုကြောင့် ယူနိုက်တက်ရဲ့ နောက်ဆုံး ၇ ပွဲလုံးကို လွဲချော်ခဲ့ရပြီး ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ကြိမ်သာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ယူနိုက်တက်ရဲ့ ပွဲပေါင်း ၆၂ ပွဲမှာ ၂၈ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။

Anthony Martial

Photo : Daily Mail

မာရှယ်ရဲ့ ခြေစွမ်းကျဆင်းလာမှုကြောင့် ၂၀၂၁-၂၂ ရာသီမှာ ဆီဗီလာအသင်းကို အငှားထွက်ခဲ့ရပြီး လက်ရှိမှာတော့ ယူနိုက်တက်အနေနဲ့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ မသေချာမရေရာတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

အန်တိုနီ မာရှယ် ဟာ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ ယူနိုက်တက်ကို ပြောင်းရွေ့ကြေးပေါင် ၃၆ သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၃၁၇ ပွဲ ကစားထားကာ သွင်းဂိုး ၉၀ ဂိုး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Featured Photo : IOL