ကိုဗစ်ရောဂါ ခံစားနေရာကနေ ပြန်လည်သက်သာလာတဲ့နောက်မှာ ပင်ပန်းနွမ်းနယ်နေသလို ခံစားရခြင်း၊ အားနည်းသလို ခံစားရခြင်း၊ အသက်ရှူမဝခြင်း အစရှိသည်တို့သည် ပုံမှန်ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုဗစ်ကနေ နာလန်ထခါစဖြစ်တာကြောင့် ပုံမှန်ထက်ပိုပြီး ပင်ပန်းနေကာ အားနည်းနေမယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ အရင်ကလို လူကောင်းပကတိ ခွန်အားပြန်ပြည့်ဖို့ဆိုရင် ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်အထိ ကြာတတ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုဗစ် ပြီးနောက်မှာ လေ့ကျင့်ခန်း အနည်းငယ် ပြန်လည် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။
လမ်းလျှောက်ခြင်း
လေ့ကျင့်ခန်း ပြန်စတဲ့အခါ ဖြည်းဖြည်းချင်းစီသာ အစပြုရမှာဖြစ်ပါတယ်။ မိမိကိုယ်ကို အတင်းဖိအားပေးမယ်ဆိုရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ အရင်ဦးဆုံး ပထမအပတ်မှာ ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်။
လမ်းလျှောက်ရတာ ကျင့်သားရလာပြီဆိုရင်တော့ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ အချိန်တိုးကာ လျှောက်ပေးရမှာဖြစ်ပါတယ်။ တတိယမြောက်အပတ်မှာတော့ ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ တိုးရမှာဖြစ်ပါတယ်။ စတုတ္ထမြောက်အပတ်မှာတော့ မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ တိုးရမှာဖြစ်ပြီး ငါးပတ်မြောက်မှာတော့ ၂၅ မိနစ်ကနေ မိနစ် ၃၀ အထိ တိုးကာ လျှောက်ပေးနိုင်ပါတယ်။ လမ်းအမြန်လျှောက်တာမျိုးမဟုတ်ဘဲ ပုံမှန်လမ်းလျှောက်နှုန်းနဲ့သာ လမ်းလျှောက်ရမှာဖြစ်ပါတယ်။
အားအင် အလွန်အကျွံသုံးရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် အလေးမခြင်း အစရှိတဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ဒီလေ့ကျင့်ခန်းကတော့ ကိုဗစ်ရောဂါ ခံစားနေရချိန်မှာလည်း ပြုလုပ်သင့်ပြီး ကိုဗစ် ခံစားပြီးတဲ့နောက်မှာလည်း ပြုလုပ်သင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အဆုတ်ရဲ့ အလုပ် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရမှာပဲဖြစ်ပါတယ်။
ထိုင်ခုံတွင် ထိုင်ကာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
Source: Healthier. Happier
ဒီလေ့ကျင့်ခန်းကတော့ ထိုင်ခုံဖြင့် ပြလုပ်ရမှာပဲဖြစ်ပါတယ်။
ခြေထောက်တစ်ဖက်ကို ဆန့်တန်းကာ ထိုင်လိုက် ထလိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။ မိမိ လုပ်နိုင်တဲ့ အကြိမ်အရေအတွက်ကို သတ်မှတ်ကာ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ဘယ်ခြေ၊ ညာခြေ တစ်လှည့်စီ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။
ခုန်ရမယ့် လေ့ကျင့်ခန်းများကိုလည်း ရောဂါ သက်သာခါစအချိန်မှာ မပြုလုပ်သင့်သေးပါဘူး။
ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကိုသာ မိနစ်အနည်းငယ်လောက် အချိန်ပေးကာ ပြုလုပ်ရမှာဖြစ်ပါတယ်။
Advanced Level မဟုတ်တဲ့ အခြေခံ ယောဂပို့စ်များကိုလည်း တစ်မိနစ်၊ နှစ်မိနစ်ခန့် ပြုလုပ်ပေးနိုင်ပါသေးတယ်။
Source: Hse.ie
Featured Image: Menshealth