မနေ့ညက ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက် အကြိတ်အနယ် ​ပြိုင်ဆိုင်နေကြသော အသင်း(၂)သင်းဖြစ်တဲ့ နယူးကာဆယ် နဲ့ စပါးတို့ ထိပ်တိုက် ဆုံတွေ့ခဲ့ရာ အိမ်ရှင် နယူးကာဆယ်အသင်းက သူတို့ရဲ့ Top 4 ပြိုင်ဘက် စပါးအသင်းကို (၆)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ်ကြီး အနိုင်ရသွားခဲ့ပါတယ်။

newcastle

Photo Credit : Twitter

ဒီနိုင်ပွဲက နယူးကာဆယ်အတွက်တော့ အတော်လေး အားရစရာကောင်းတဲ့ နိုင်ပွဲကြီး ဖြစ်သွားခဲ့ပြီး Top 4 နေရာအတွက် အကြိတ်အနယ် ကစားခဲ့တဲ့ ပွဲတွေမှာလည်း အခြေအနေကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခု စပါးကို (6-1) နဲ့ နိုင်တယ်။ မန်ယူနိုက်တက်ကိုလည်း (2-0) နဲ့ နိုင်တယ်။ လီဗာပူးလ်ကိုသာ (0-2) နဲ့ ရှုံးခဲ့တယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲက လက်ရှိမှာ ပွဲစဉ် (၃၂)ကို ရောက်ရှိနေတုန်း နယူးကာဆယ်က (၃၁)ပွဲ ကစားထားပြီး (၅၉)မှတ် ရရှိထားကာ အဆင့်(၄)နေရာက ယူနိုက်တက်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် နဲ့ တစ်ပွဲအသာ အဆင့်(၃)နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။

isak

Photo Credit : Twitter

ဒီနှစ်ဘောလုံးရာသီက ရာသီစတင်ပြီး (၃)လလောက်အတွင်းမှာပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကြားဖြတ် ကျင်းပထားရလို့ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေဟာ တညီတည်း မရှိနေရပဲ အခု ပွဲစဉ် (၃၂)အတွင်း (၃၂)ပွဲလုံး ကစားထားတဲ့ အသင်း အရေအတွက်က (၁၂)သင်းသာ ရှိထားခဲ့သလို ဘရိုက်တန်ဆိုရင်လည်း (၂၉)ပွဲသာ ကစားထားရပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေတွေအရတော့ (၃၁)ပွဲအထိ ကစားထားရတဲ့ နယူးကာဆယ်က အနီးဆုံးပြိုင်ဘက် စပါးကို (၆)မှတ်ထိ ဖြတ်ထားလိုက်လို့ Top 4 ထဲမှာ ရပ်တည်ရင်း ရာသီသိမ်းဖို့ အလားအလာကောင်းနေပါတယ်။

magpie

Photo Credit : Twitter

ပိုင်ရှင်သစ် လက်အောက်မှာ တိုးတတ် ပြောင်းလဲလာခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ဒီရာသီမှာတော့ လိဂ်ဖလား ဗိုလ်လုပွဲအထိ တတ်လှမ်းထားနိုင်ခဲ့သလို တကယ်လို့ Top4 နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အထိပါ ရရှိလိုက်မယ်ဆိုရင်တော့ ဒီရာသီက နယူးကာဆယ်အတွက် အိမ်မက်တွေ အစပျိုးရာ အောင်မြင်မှု နိဒါန်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲတွေထဲ အာဆင်နယ် ဘရိုက်တန် ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ရဦးမှာမို့ သူတို့ရဲ့ လက်ကျန်(၇)ပွဲမှာ အမှတ် ဘယ်လောက်အထိ စုဆောင်းနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။