ကွီးတို့ တစ်ရက်ကို ခြေလှမ်းပေါင်း ဘယ်လောက်များများ လျှောက်ဖြစ်ပါသလဲ။ အားကစားဆိုင်ရာ သုတေသီတွေကတော့ တစ်ရက်အတွင်း လမ်းများများ လျှောက်ပေးတာဟာ ဆေးရုံဆေးခန်းတွေနဲ့ ဝေးဝေးနေနိုင်ပြီး ကျန်းမာသုခကို ဧကန်အမှန် ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ အကယ်၍ ကွီးတို့က တစ်နေ့တာမှာ မိုင်ပေါင်း ၁.၅ မိုင် သို့မဟုတ် ၂.၄ ကီလိုမီတာ ခန့် လမ်းလျှောက်မယ် ဆိုပါက ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်မယ်ဆိုရင် ကိုယ်အလေးချိန်ကျစေခြင်း ၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း ၊ အောက်ဆီဂျင်များများပိုရခြင်း ၊ ကြွက်သားများ ကျစ်လစ်ကြံ့ခိုင်ခြင်း ၊ သွေးပေါင်ချိန်ကို လျှော့ချပေးခြင်းအပြင် စိတ်ဖိစီးမှုတွေ လျှော့ကျစေပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ကျန်းမာရေးကို ရရှိစေနိုင်တဲ့ သက်သေပြချက်တွေ အများကြီးရှိပါတယ်။ ကဲဒါဆို တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ ဘယ်လိုစပြီး လျှောက်ရမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) Pedometer တစ်ခု ဆောင်ထားပါ

Photo : Decathlon

Pedometer ဆိုတာကတော့ ခြေလှမ်းအရေအတွက်ကို တွက်ချက်ပေးတဲ့ စက်ကိရိယာတစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တစ်နေ့တာအတွင်းမှာ လမ်းဘယ်လောက်များများ လျှောက်ဖြစ်လဲ ၊ ခြေလှမ်းပေါင်း မည်မျှလျှောက်ဖြစ်ခဲ့တယ်ဆိုတာကို ခြေလှမ်းအရေအတွက် အတိအကျနဲ့တွက်ချက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Pedometer အလွယ်တကူ မရှိဘူးဆိုရင် Fitness Band ၊ စမတ်နာရီနဲ့ စမတ်ဖုန်းတွေကနေ တဆင့်လည်း ခြေလှမ်းအရေအတွက်ကို မှတ်သားထားနိုင်ပြီး ကွီးတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်အောင် လျှောက်နိုင်ပါတယ်။

(၂) တိုးတက်မှုကို ခြေရာခံပါ

Photo : Men’s Health

သေချာပါတယ် လမ်းစလျှောက်တဲ့ ရက်မှာပဲ ခြေလှမ်းပေါင်း ၁၀၀၀၀ပြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ရက်ထက်တစ်ရက် ကွီးတို့ရဲ့ လမ်းလျှောက်နိုင်စွမ်းကို တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက် သေချာပေါက်လုပ်ရမယ့် အရာတစ်ခုက တစ်နေ့တာ လျှောက်ခဲ့တဲ့ ခြေလှမ်းအရေအတွက်ကို မှတ်သားထားဖို့ပါပဲ။ ပထမနေ့မှာ ခြေလှမ်း ၁၀၀ လျှောက်နိုင်ခဲ့တယ်ဆိုရင် ဒုတိယနေ့မှာ ခြေလှမ်း ၃၀၀ လောက်ရအောင် လျှောက်ပါ။ ဒီလို တစ်ရက်တစ်ရက် တိုးတက်လာမှုကို ခြေရာခံ မှတ်သားထားတာဟာ တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်အောင်လျှောက်မယ့် ကွီးတို့ရဲ့ မဟာရည်မှန်းချက်ကို ပြည့်ဝစေဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၃) လှေကားထစ်တွေကို အသုံးပြုပါ

Photo : Leadercast

နေ့စဉ် ရုံး ၊ ကျောင်း ၊ ဈေးဝယ်စင်တာနဲ့ နေအိမ်တိုက်ခန်းတွေမှာ အသုံးပြုနေတဲ့ ဓာတ်လှေကားတွေကို မေ့ထားလိုက်ပါ။ အဲ့ဒီအစား ရိုးရိုးလှေကားကိုပဲ အသုံးပြုသင့်ပါတယ်။ လှေကားထစ်တက်တာက ကယ်လိုရီလောင်ကျွမ်းစေတဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ ဒါတင်မကသေးပါဘူး အမောခံနိုင်ပြီး သက်လုံစွမ်းအားကို တိုးစေတဲ့အပြင် တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်မယ့် Target ကိုလည်း ရောက်အောင် တစ်စိတ်တစ်ပိုင်း ကူညီပေးပါလိမ့်မယ်။ တစ်ခုသတိထားရမှာ ဒူးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရထားတာ သို့မဟုတ် ဒူးခွဲစိတ်မှု ပြုလုပ်ထားပါက လှေကားထစ်ကို အသုံးမပြုဖို့ အကြံပြုချင်ပါတယ်။

(၄) အနီးအနားနေရာတွေကို ခြေလျှင်ပဲသွားပါ

Photo : The Motley Fool

သက်သာရာကို ရှာဖွေလုပ်ဆောင်တက်ကြတာ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကျန်းမာရေးအတွက် တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ လျှောက်မယ်လို့ သံဌိဓာန်ချထားရင်တော့ လမ်းလျှောက်ဖို့ မပျင်းပါနဲ့။ အကွာအဝေးသိပ်မရှိတဲ့ ပုံမှန်နီးနီးနားနား နေရာတွေကို ကားတွေ ၊ စက်ဘီးတွေ စီးမယ့်အစား ခြေလျှင်ပဲ လမ်းလျှောက်သွားပါ။ လမ်းလျှောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့အပြင် စိတ်ခံစားမှုကိုလည်း ပိုမိုကောင်း မွန်စေနိုင်ပါတယ်။ ဈေးဝယ်တဲ့အခါ ဒါမှမဟုတ် ရုံးသွားရုံပြန်နဲ့ နီးနီးနားနား နေရာတွေကို သွားလိုတဲ့အခါ မည်သည် ပို့ဆောင်ရေးအစီအစဉ်မှမပါပဲ ခြေလျှင်ပဲ လမ်းလျှောက်သွားတာ ပိုကောင်းပါတယ်။

(၅) တစ်နာရီ တစ်ခါလမ်းလျှောက်ပါ

Photo : Freepik

တစ်နေရာတည်းမှာ အကြာကြီးထိုင်နေတာက ကိုယ်ဟန်အနေအထားကို ညံ့ဖျင်းစေပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ကွီးတို့က တစ်နေရာတည်းမှာထိုင်ပြီး အလုပ်လုပ်ရသူတစ်ယောက်ဆိုရင် တစ်နာရီ ပြည့်သွားတိုင်းမှာ မိနစ်အနည်းငယ်ခန့် ထပြီး လမ်းလျှောက် ပေးသင့်ပါတယ်။ ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် အနည်းဆုံး ခြေလှမ်း ၅၀ ကျော် လမ်းလျှောက်ပေးပါ။ ဒီလိုလုပ်တာဟာ တစ်နေ့တာအတွင်း ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်အောင် လျှောက်နိုင်ဖို့ ကူညီပေးမှာဖြစ်သလို စိတ်ရောကိုယ်ပါ လန်းဆန်းစေရုံမက အလုပ်မှာလည်း အာရုံစူးစိုက်မှု ပိုကောင်းလာပါလိမ့်မယ်။

အထက်ပါ အချက်တွေအပြင် အိမ်မွေးခွေးလေးတွေနဲ့ အတူတူလမ်းလျှောက်တာ ၊ ကလေးတွေနဲ့ ကစားတာ ၊ အများပြည်သူ ပန်းခြံတွေထဲမှာ လမ်းလျှောက်တာအပြင် လမ်းကို ခပ်သွက်သွက် ခမ်းမြန်မြန်လျှောက်ခြင်းအားဖြင့်လည်း တစ်နေ့တာအတွင်း ခြေလှမ်းပေါင်း များများလျှောက်ဖြစ်စေဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Featured Photo : Duff Street Medical Clinic