ဘိုင်ယန်မြူးနစ်အသင်း နည်းပြ သောမတ်စ် တူဟယ်လ် က ဒီနေ့ည မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကြောင့် သူ ကောင်းကောင်းမွန်မွန် အိပ်စက်မရပဲ ဒီပွဲအကြောင်းကိုသာ တွေးတောနေမိတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

guardiola vs tuchel

Photo Credit : Football365

ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ယူထားခဲ့ဖူးတဲ့ တူဟယ်လ် က သိပ်မကြာသေးခင်ကပဲ ဘိုင်ယန်နည်းပြ ရာထူးကို လက်ခံခဲ့ရရင်း ဂွာဒီယိုလာနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည် ဆုံတွေ့ဖို့ အကြောင်းဖန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ တူဟယ်လ်က ဘိုင်ယန်ကို (၃)ပွဲသာ ကိုင်တွယ်ထားရချိန် တစ်ဖက်မှာတော့ ဂွာဒီယိုလာက မန်စီးတီးအသင်းကို နောက်ဆုံးကစားထားတဲ့ (၈)ပွဲဆက်တိုက်အထိ နိုင်ပွဲတွေ ရရှိအောင် အကောင်းဆုံး form တစ်ခုမှာ ရှိနေအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

tuchel

Photo Credit : Bavarian Football Works

“ကျွန်တော် စောစောလေး အိပ်ဖို့ ကြိုးစားရလိမ့်မယ်။ အိပ်ပျော်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အကောင်းဆုံး ပြင်ဆင်မှုက အိပ်စက်ခြင်း ဖြစ်သော်လည်း တစ်ခါတစ်ရံမှာ အကြောင်းအရာများကို တွေးတောနေတဲ့အခါမျိုးတွေမှာ အိပ်ပျော်နိုင်ဖို့က ခက်ခဲပါတယ်။ ဒီမနက်ခင်းမှာလည်း အစောကြီး နိုးနေရလို့ လေ့ကျင့်ရေးကွင်းဆီကိုပဲ သွားလိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပြန်အိပ်မရနိုင်တော့ပဲ မန်စီးတီးနဲ့ ပွဲအကြောင်းကိုပဲ ဆက်တိုက် တွေးနေမိရလို့” ဆိုပြီး တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

tuchel vs guardiola

Photo Credit : Bundesliga

ဒါ့အပြင် တူဟယ်လ်က သူတို့တွေအနေနဲ့ စီးတီးရဲ့ နော်ဝေ ဂိုးသွင်းစက် ဟာလန်းကိုလည်း တားဆီးနိုင်ဖို့အတွက် အသင်းလိုက် စုစုစည်းစည်း ကစားသွားဖို့ လိုအပ်တယ်လို့ပါ ပြောဆိုထားခဲ့ပါသေးတယ်။ တူဟယ်လ် နဲ့ ဂွာဒီယိုလာတို့နှစ်ဦးဟာ နည်းပြသက်တမ်းတစ်လျှောက် (၁၀)ကြိမ် တွေ့ဆုံထားခဲ့ရာ ဂွာဒီယိုလာက (၅)ကြိမ်အထိ နိုင်ရထားပြီး တူဟယ်လ်က (၃)ကြိမ်သာ နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်လို ပွဲစဉ်ကြီးမှာ အနိုင်ယူထားခဲ့တာက ဂွာဒီယိုလာအတွက် နာကျင်စရာတွေ ဖြစ်ခဲ့ရမှာ သေချာနေသလို ဒီတစ်ကြိမ် ချန်ပီယံလိဂ်မှာ ထပ်မံ ရင်ဆိုင်ရချိန်မှာရော ဘယ်သူက အသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Featured Photo : The Independent