အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ရပြီးနောက် နေရာသစ်တစ်ခုကို ရောက်ရှိနေရပေမယ့်လည်း နေရာဟောင်းက ကိုယ့်အတွက် အိမ်တစ်ခုလို မိသားစုတစ်ခုလို ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့လို့ ဘယ်ကိုပဲ ရောက်နေရောက်နေ နေရာဟောင်းလေးကို လွမ်းဆွတ် တမ်းတခြင်းတွေဆိုတာ ရှိတတ်ကြပါတယ်။ တူဟယ်လ် လည်း သူရဲ့နေရာဟောင်းကို လွမ်းဆွတ်မိမှာ သေချာပါတယ်။

tt cfc

Photo Credit : Fox Sports

ဂျာမန်လူမျိူး နည်းပြ တူဟယ်လ် က ချဲလ်ဆီးအသင်းကို ရာသီဝက်မှ စတင် ကိုင်တွယ်ခဲ့ရင်းနဲ့ ချန်ပီယံလိဂ် ဖလားကြီးကိုပါ ရယူပေးနိုင်ခဲ့တဲ့ အမေးဇင်း နည်းပြတစ်ဦး ဖြစ်ပါတယ်။ ဒီလိုမျိုး အံ့အားသင့်စရာ စွမ်းဆောင်မှု မလုပ်ပြနိုင်ခင်ကလည်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူနေစဥ်အတွင်း ဂွာဒီယိုလာ ယာဂန်ကလော့ပ် အန်စလော့တီ အစရှိတဲ့ world-class အဆင့်ရှိ နည်းပြတွေကိုပါ အနိုင်ယူထားခဲ့ပါသေးတယ်။ ဒါပေမယ့် တူဟယ်လ်ရဲ့ချဲလ်ဆီးနည်းပြ သက်တမ်းက ထင်ထားသလောက်အထိ မကြာမြင့်ခဲ့ရပါဘူး။

tuchel

Photo Credit : Sky Sports

ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား စူပါဖလားတို့ကို ရယူပေးခဲ့ပြီး အက်အေဖလား ဖိုင်နယ်နဲ့ လိဂ်ဖလား ဖိုင်နယ်တို့ဆီ ပို့ဆောင်ခဲ့တဲ့ တူဟယ်လ် က အသင်းနဲ့ ပွဲပေါင်း (၁၀၀)ပြည့်ချိန်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ထုတ်ပယ်ခံလိုက်ရချိန်မှာ တူဟယ်လ်က ချဲလ်ဆီးကို ကိုင်တွယ်ဖူးသမျှ နည်းပြတွေထဲ စတုတ္ထမြောက် နိုင်ပွဲရာခိုင်နှုန်း အများဆုံး နည်းပြအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

thomas tuchel

Photo Credit : Sports Illustrated

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်လာခဲ့တဲ့ တူဟယ်လ် က သူ့အသင်းဟောင်း ချဲလ်ဆီးနဲ့ ပတ်သက်ပြီး “ရှော့ခ် ဖြစ်သွားခဲ့ရတယ်။ မနက် ၈နာရီမှာ စတင် ပြုလုပ်ခဲ့တဲ့ အစည်းအဝေးက ၃မိနစ် ၅မိနစ်လောက်ပဲ ကြာမြင့်ခဲ့ရတယ်။ ကျွန်တော်တို့ အားလုံးကတော့ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ပြန်လည် တည်ဆောက်ဖို့ အချိန်ပိုရခဲ့တယ်လို့ ထင်ခဲ့မိတာ။ ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ မိသားစုလို ဖြစ်နေခဲ့တာ။ ဒါကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရတာ အခုထက်ထိ နာကျင်နေတုန်းပါပဲ။ ဒါပေမယ့်လည်း အခု ကျွန်တော် စိန်ခေါ်မှုသစ် တစ်ခု ရထားပါပြီ။ ဘိုင်ယန်မှာ ကျွန်တော် ပျော်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Featured Photo : The Athletic