လာမယ့် (၂၇)ရက်နေ့ ညတစ်နာရီခွဲ အချိန်မှာတော့ ဘောလုံး ပရိသတ်တွေ အားလုံး မဖြစ်မနေ ဆက်ဆက် စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ ဒီပွဲကတော့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ကို အဆုံးအဖြတ် ပေးနိုင်မယ့် မန်စီးတီးအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။
Photo Credit : Premier League
ဒီပွဲစဉ် မတိုင်ခင်မှာ အာဆင်နယ်က ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။ မန်စီးတီးကေတာ့ ရှက်ဖီးနဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲ ရှိနေလို့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲကို ရွှေ့ဆိုင်းထားရပါမယ်။ ဒါကြောင့် စီးတီး နဲ့ အာဆင်နယ်ပွဲ မတိုင်ခင်မှာ စီးတီးက အာဆင်ပျံထက် (၂)ပွဲ လျော့ထားပါလိမ့်မယ်။
Photo Credit : Planet Football
အာဆင်ပျံက လီဗာပူးလ် ဝက်စ်ဟမ်း (၂)ပွဲဆက် သရေကျထားလို့ (၄)မှတ် ဆုံးရှုံးထားမှုကို ဆောက်သမ်တန်နဲ့ပွဲမှာ နိုင်ပွဲ ပြန်ရှာရင်း ဂိုးပါ လိုသလောက်ထိ သွင်းယူဖွယ်လည်း ရှိပါတယ်။ ဒီပွဲ နိုင်ထားရင်လည်း စီးတီးထက် (၂)ပွဲအသာ (၇)မှတ် ဖြတ်ထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စီးတီးရဲ့ အီတီဟတ်ကွင်းမှာဆိုရင်တော့ အာဆင်နယ်တို့ လုံးဝ ရလဒ်မကောင်းခဲ့တာက ၂၀၁၅ခုနှစ် နောက်ပိုင်းကတည်းကပါ။ လက်ရှိမှာလည်း စီးတီးရဲ့ စွမ်းဆောင်ပိုင်းက အမြင့်မားဆုံး အနေအထားထိ ရောက်ရှိနေပြီး ဒီရာသီ အိမ်ကွင်းပွဲစဥ်တွေမှာလည်း ဘရန့်ဖို့ဒ် တစ်သင်းတည်းကိုသာ ရှုံးထားခဲ့ပါတယ်။
Photo Credit : Sky Sports
စီးတီး နဲ့ အာဆင်ပျံတို့က အခုပွဲစဥ် မတိုင်ခင် အာဆင်ပျံရဲ့ အိမရိတ်ဒ်မှာ တွေ့ဆုံခဲ့စဥ်က စီးတီး (1-3) နဲ့ အနိုင်ရထားသလို အက်အေဖလားပွဲစဥ်အဖြစ် အီတီဟတ်မှာ ဆုံခဲ့စဥ်ကလည်း စီးတီးကပဲ ကျော်ဖြတ်ထားခဲ့ပါသေးတယ်။ ဆိုတော့ ဆရာပက်ပ် နဲ့ တပည့်ကျော် အာတီတာတို့ ရင်ဆိုင်ရလေတိုင်း ဆရာပက်ပ်က အမြဲတမ်းနီးပါး အသာရနေတာက ထုံးစံလိုတောင် ဖြစ်နေရပါပြီ။ ဒီပွဲမှာတော့ ဆရာထက် တပည့် လက်စောင်း ထက် ပြနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ ဇယားထိပ်က အသင်းနှစ်သင်းရဲ့ ဘယ်သူ ချန်ပီယံ ဖြစ်လာနိုင်မလဲ အဖြေရှာမယ့် ဒီပွဲက လုံးဝကို ဖျော်ဖြေမှု ပေးနိုင်မှာဖြစ်လို့ အိပ်ရေးပျက်ခံပြီး အားပေးလိုက်ကြရအောင်လားဗျာ။
Featured Photo : Sky Sports