ကျန်းမာကြံ့ခိုင်တဲ့ လူမှုဘဝပုံစံတစ်ခုကို ထိန်းသိမ်းနိုင်ဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်း လုပ်ခြင်းက အဓိက အရေးပါပါတယ်။ ဒီနေ့ခေတ်လို မကျန်းမာခြင်းတွေ ပေါများတဲ့ လူမှုဘဝပုံစံတွေထဲမှာ ကျန်းမာခြင်းဟာ ရွှေထက်အဖိုးတန်ပြီး ရှားပါးတဲ့ အရာတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ် ရောစိတ်ပါ လန်းဆန်းနုပျိုပြီး အသက်ရှည်ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့နေထိုင်သွားနိုင်ဖို့ အစားအသောက်ထိန်းသိမ်းတာ ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေနဲ့ ကျန်းမာတဲ့ Healthy Lifestyle တစ်ခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့တစ်ခေါက်မှာတော့ နေ့စဉ်ပုံမှန် လေ့ကျင့် ခန်း လုပ်ခြင်းက ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) စိတ်ဖိစီးမှုနည်းလာမယ်
Photo : iStock
လူတိုင်းလူတိုင်းအတွက် နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေကြုံတွေ့နေ ကြရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်းက ကွီးတို့ရဲ့ စိတ်နဲ့ဆက် နွယ်နေတာကြောင့် တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျော့ကျစေပြီး စိတ်ဖိစီးမှုကင်းတဲ့ နေ့သစ်တွေဆီကို ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ သူတွေအနေနဲ့ မွန်းကြပ်တဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ တစ်နေ့ကို နာရီဝက်ခန့် အချိန်ပေးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေး သင့်ပါတယ်။
(၂) ကျန်းမာကြံ့ခိုင်လာမယ်
Photo : iStock
ဒီနေ့ခေတ်လို နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာ လူအများစုဟာ ကွန်ပျူတာတွေအရှေ့မှာပဲထိုင်ပြီး အလုပ်လုပ်ကြရတာ များပါတယ်။ထိုင်ခုံမှာထိုင်ပြီး အချိန်ကြာမြင့်စွာ ကွန်ပျူတာအသုံးရတဲ့ အချိန်တွေများလာတဲ့အခါ အဝလွန်ခြင်း အညောင်မိခြင်းနဲ့ အာရုံကြောအားနည်းခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေ များစွာကြုံလာရနိုင်ပါတယ်။ ကွီးတို့ အနေနဲ့ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ ဒီလိုကျန်းမာ ရေးပြဿနာတွေမှ လွတ်မြောက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ လူမှုဘဝပုံစံတစ်ခုကို ရရှိလာစေမှာပဲ ဖြစ်ပါတယ်။
(၃) အာရုံစူးစိုက်မှု ကောင်းလာမယ်
Photo : iStock
အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျဆင်းနေလို့ စိတ်ညစ်နေရင်တော့ အားကစားတစ်ခုခုလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်အတွက် ခွန်အားတွေ ပိုမိုအားရရှိစေပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုပိုမိုကောင်းမွန်ပြီး စိတ်ကူး စိတ်သန်းကောင်းတွေနဲ့ အလုပ်ခွင် စွမ်းဆောင်ရည် မြင့်မားကြသူတွေဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၄) နုပျိုလန်းဆန်းလာစေမယ်
Photo : iStock
နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာ နုပျိုလန်းဆန်း စေရုံသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း ကျန်းမာတက်ကြွ လာစေမှာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် ရှိရင်းစွဲအသက်ထက်ကို ပိုပြီး နုပျိုလန်းဆန်းမှုတွေပိုင်ဆိုင်ထားကြတာ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလို လူတွေရဲ့ အဓိက လျို့ဝှက်ချက်ကတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်လို့ ပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ထိန်းညှိပေးပြီး အသားအရေကြည်လင်ကာ နုပျိုလန်းဆန်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝနေစေမှာပဲ ဖြစ်ပါတယ်။
Featured Photo : Esquire