ချယ်လ်ဆီးအသင်းကို ၂၀၂၃-၂၄ ဘောလုံးရာသီ တစ်ရာသီ ကိုင်တွယ်ပြီးချိန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနို ကို လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းတို့က စိတ်ဝင်စားလျက် ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

pochettino saint

Photo Credit: Sky Sports

ဘောလုံးသမားဟောင်း တစ်ဦးအဖြစ်ကနေ အနားယူခဲ့ပြီးနောက် အက်စပန်ညို အသင်းနည်းပြအဖြစ် နည်းပြအလုပ်ကို စတင် လုပ်ကိုင်ခဲ့တဲ့ အာဂျင်တီးနားလူမျိုး ပိုချက်တီနို ဟာ ဆောက်သမ်တန်နဲ့အတူ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာခဲ့ရင်း သူ့ကို ဘောလုံးပရိသတ်တွေ ပိုမို သတိထားမိလာခဲ့ပါတယ်။ ပိုချက်က ဆောက်သမ်တန်ကို ပရီးမီးယားလိဂ်မှာ အဆင့်(၈)နေရာထိ ရောက်ရှိအောင် စွမ်းဆောင်ခဲ့ပြီး ကလပ်အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ရမှတ် အများဆုံး ရရှိအောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို စပါးက နည်းပြသစ်အဖြစ် ရအောင် ခန့်အပ်ခဲ့ပါတယ်။

pochettino spur

Photo Credit: Cartilage Free Captain

စပါးကို ကိုင်တွယ်တော့လည်း အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်ထိ ပို့ဆောင်ပေးခဲ့သလို နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်လည်း လုပ်ပေးခဲ့တယ်။ အဲ့ဒီကနေ ပီအက်စ်ဂျီ ရောက်တော့ ပြည်တွင်းဖလားတွေ ယူပေးခဲ့ပေမယ့် ဥရောပမှာ အောင်မြင်မှုတွေ မရခဲ့ပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး နောက်ဆုံးတော့ ချယ်လ်ဆီးဆီ ရောက်လာတယ်။ ချယ်လ်ဆီးကို စတင် ကိုင်တွယ်စဉ်မှာတော့ အသင်းနဲ့ သူ့နည်းစနစ်တွေ သိပ်အံ့မဝင်သေးလို့ ရုန်းကန်ရခဲ့ပေမယ့် အသင်းကိုတော့ လိဂ်ဖလား ဖိုင်နယ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွေဆီ ပို့ဆောင်ပေးပြီး အဆင့်(၆)နဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ခဲ့တယ်။ ပိုချက်တီနို ရဲ့ တစ်ရာသီတည်း စွမ်းဆောင်မှုက မဆိုးလှဘူးလို့ ယူဆနိုင်မယ့် အခြေအနေမျိုး ရှိခဲ့ရပါတယ်။

pochettino chelsea

Photo Credit: The Canberra Times

ဒီလို အခြေအနေတွေကြောင့် တစ်ရာသီလုံး ပိုချက်တီနို out လို့ အော်နေတဲ့ ပရိသတ်တွေတောင် နောက်ရာသီ ပိုချက်နဲ့ပဲ ဒီပုံစံအတိုင်း ဆက်သွားရင် Top 4 လောက် အသာလေးလို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ပိုချက်နဲ့ ချယ်လ်ဆီးတို့ရဲ့ လမ်းခွဲကိုသာ အံ့အားသင့်ဖွယ် ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်သွားတဲ့ ပိုချက်ကို သူနဲ့ အမြဲသတင်းထွက်နေကြ မန်ယူနိုက်တက်က တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ရင် အစားထိုးသွားဖို့ ချိန်ရွယ်လာခဲ့သလို အင်္ဂလန်ကလည်း သူတို့နည်းပြ ဆောက်ဂိတ်ကြီး အသင်းက ထွက်သွားရင် ဆောက်ဂိတ်နေရာမှာ ခန့်အပ်ဖို့ ပစ်မှတ်ထား လာခဲ့ပါတယ်။

Featured Photo: talkSPORT