ပီအက်စ်ဂျီက ဒီနွေမှာပဲ အသင်းက အထင်ကရ ကစားသမားကြီးတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ဆာဂျီယို ရာမို့စ်တို့ကို လက်လွတ်လိုက်ပြီးနောက် နောက်ထပ် စူပါစတား ဘောလုံးသမား နေမာကိုလည်း ရှင်းထုတ်ဖို့ စီစဉ်နေရာ အခု အသင်းရဲ့ အရေးအကြီးဆုံးသော ကစားသမားဖြစ်သူ ကီလီယန် အမ် ဘာပေ ကပါ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိကြောင်း အသင်းထံ အသိပေးထားခဲ့တာကြောင့် ပီအက်စ်ဂျီ အနေနဲ့ ဒီနွေမှာပဲ မက်ဆီ နေမာ ဘာပေတို့ အားလုံးကို လက်လွတ်ရနိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : Marca
ပီအက်စ်ဂျီနဲ့ ဘာပေတို့ ဇာတ်လမ်းက မနှစ်ကပဲ အကွဲအပြဲ ဇာတ်လမ်းတွေ မြင်တွေ့လုနီးပါးအထိ ဖြစ်ခဲ့ပြီး ဘာပေပါ ရီးယဲလ်ကို ဒိုးတော့မလို ဖြစ်ခဲ့ပြီးမှ ရန်ဖြစ် စကားများတုန်း လင်ခန်း မယားခန်း ပျက်ပြီလို့ ကြွေးကြော်ရင်း နောက်မှ ပြန်တည့်သွားတဲ့ လင်မယားတွေလို ဘာပေ နဲ့ ပီအက်စ်ဂျီ တို့ဟာ ပြန်အဆင်ပြေသွားကာ စာချုပ်သစ်ပါ ချုပ်ဆိုလိုက်ပါတယ်။ ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ ၂၀၂၄အထိ ချုပ်ဆိုထားပြီး တစ်နှစ်ထပ်တိုးခွင့်ပါ ထည့်သွင်းထားပေမယ့် ဒီထပ်တိုးခွင့်ကို ဘာပေရဲ့ သဘောဆန္ဒတစ်ခုတည်းနဲ့သာ လုပ်ဆောင်ပါ့မယ်လို့ သဘောတူထားခဲ့ရာ အခု မောင်ဘာပေကိုယ်တိုင်က သက်တမ်းတိုးဖို့ ဆန္ဒမရှိကြောင်း အကြောင်းကြားလာပါတယ်။
Photo Credit : The Real Champs
တကယ်လို့ ဘာပေသာ သက်တမ်းမတိုးခဲ့ဘူးဆိုရင် လာမယ့်နွေမှာ ပီအက်စ်ဂျီက သူ့ကို အလွတ်နဲ့ လက်လွတ်ရပါမယ်။ ပီအက်စ်ဂျီ အနေနဲ့ ဘာပေ လို ကစားသမားမျိုးကို free နဲ့ လက်လွတ်မခံနိုင်လို့ မနှစ်က အသည်းအသန် သက်တမ်းတိုးခဲ့ပေမယ့် အခု အလားတူ အခြေအနေမျိုး ထပ်မံ ရင်ဆိုင်နေရချိန်မှာတော့ ပီအက်စ်ဂျီတို့ ရွေးစရာ နှစ်လမ်းပဲ ရှိပါတော့တယ်။ အသင်းမှာ ဒီတိုင်း ဆက်ထားရင်း စာချုပ်ချုပ်ဆိုချင်လာအောင် စည်းရုံးမလား။ ဒါမှမဟုတ် ဒီနွေမှာပဲ အပြီးသတ် ရောင်းချလိုက်မလားဆိုတာပါပဲ။ ဘာပေလို ကစားသမားကို ခေါ်ယူနိုင်မယ့် အသင်းက လက်ချိုးရေကြည့်လို့ ရနိုင်ပြီး လတ်တလောမှာ အဖြစ်နိုင်ဆုံးကတော့ ရီးယဲလ် မက်ဒရစ်အသင်းပါ။
Photo Credit : Goal
ဂျူဒ် ဘယ်လင်ဟမ်အတွက် ယူရို (၁၀၃)သန်းအထိ အသုံးပြုထားတဲ့ ရီးယဲလ်က ဘာပေ ကိုပါ ခေါ်ယူဖို့အတွက် နောက်ထပ် အသုံးစရိတ်တွေ ထပ်မံ သုံးစွဲပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဘာပေကိုယ်တိုင်ကလည်း ဒီတစ်ရာသီကို ပီအက်စ်ဂျီ မှာပဲ ဆက်လက် ဖြတ်သန်းပြီး ရာသီအကုန်မှသာ အသင်းကနေ free transfer နဲ့ ထွက်ခွာသွားဖို့ကို ပိုမို အလိုရှိနေတယ်လို့ သိရပါတယ်။
Featured Photo : Goal