ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အားပြိုင်မှုတွေက အတက်အကျတွေနဲ့ တကယ်ကို ရူးချင်လောက်စရာပါ။ အဓိကတော့ ဟိုးယခင်ကတည်းက အခါးသီးဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတဲ့ မန်ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကြား top 4 တစ်နေရာစာအတွက် အားပြိုင်မှုတွေက ဝေးသွားလိုက် ပြန်နီးလာလိုက်နဲ့ အခုတော့ (၂)သင်းကြား အားပြိုင်မှုဆိုရင် အဖြေတစ်ခုပေါ်သွားတဲ့ အနေအထား ဖြစ်သွားခဲ့ပါပြီ။

liverpool

Photo Credit : The Athletic

အရင်က ဒီ(၂)သင်းကြားမှာ အရင်က အမှတ်ကွာဟမှု မြင့်မားစွာ ရှိနေခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေ တိမ်းစောင်းလာခဲ့ရာကနေ လီဗာပူးလ်က တောက်လျှောက် နိုင်ပွဲဆက်ရင်း (၂)သင်းကြား အမှတ်ကွာဟမှု (၁)မှတ်သာ ကွာဟတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကပါ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က အားကောင်းခဲ့ရပေမယ့် ငှက်ကျားတို့က ဘရိုက်တန်ကို အပြတ် အနိုင်ရခဲ့တာကြောင့် ငှက်ကျားတို့ရဲ့ ချန်ပီယံလိဂ်က သေချာသွားခဲ့ရပါတယ်။

utd won lfc draw

Photo Credit : Premier League Twitter

မနေ့က ယူနိုက်တက်က ဘုန်းမောက် လီဗာပူးလ်က ဗီလာနဲ့ ကစားရချိန် ယူနိုက်တက်ရော လီဗာပူးလ်ရော နိုင်ပွဲတွေ ရယူနိုင်မယ်လို့ ယူဆခဲ့ရပေမယ့် ယူနိုက်တက်ကသာ ဘုန်းမောက်ကို ဗိုက်တယ်လက်တီကွင်းမှာ အနိုင်ရခဲ့ပေမယ့် အန်ဖီးလ်မှာတော့ လီဗာပူးလ်က ဧည့်သည် ဗီလာရဲ့ ဦးဆောင်မှု နောက်က လိုက်ကစားရင်း မကြာခင်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဖာမီနိုရဲ့ ချေပဂိုးကြောင့်သာ တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါတောင် ဗီလာက ပွဲအစပိုင်း ပင်နယ်တီ မဝင်ခဲ့လို့ လီဗာပူးလ်တို့ စိတ်သက်သာရာ ရသွားခဲ့တာပါ။

Liverpool FC

Photo Credit : The Independent

အခုရလဒ်ကြောင့် ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကြားမှာ (၃)မှတ် ကွာဟသွားခဲ့ရသလို ယူနိုက်တက်ကလည်း လက်ကျန် (၂)ပွဲ ကစားဖို့ ကျန်ရှိနေချိန် ယူနိုက်တက်က (၁)မှတ်ရလိုက်ရုံနဲ့တင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ကလည်း လက်စတာနဲ့ပွဲမှာ (၁)မှတ် ရလိုက်တာနဲ့ သူတို့လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါလိမ့်မယ်။ လီဗာပူးလ်ကတော့ ဒီ(၂)သင်းရဲ့ ခြေချော်မှုကိုသာ စောင့်ဆိုင်းရတော့မှာဖြစ်ပြီး ဒီလို ခြေချော်ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့တဲ့ အခြေအနေမို့ လီဗာပူးလ်တို့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ရပါတော့မယ်။

Featured Photo : Sky Sports