လေ့ကျင့်ခန်းလုပ်ရာမှာ နည်းစနစ်ပိုင်း မှန်ကန်မှုရှိဖို့ သိပ်ကိုအရေးကြီးပါတယ်။ နည်းစနစ်မှားယွင်းပြီး ပုံစံမကျတဲ့ လေ့ကျင့်ခန်း တွေကို လုပ်နေမိမယ်ဆိုရင် အချိန်ကုန်သလောက် အကျိုးရလဒ် ခံစားရမှာ မဟုတ်ပါဘူး။ ပိုဆိုးတာတစ်ခုက လေ့ကျင့်ခန်း ပုံစံအမှားတွေကြောင့် ကြွက်သားနဲ့ အရိုးအဆစ်တွေမှာပါ ဒဏ်ရာအနာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ လေ့ကျင့်ခန်း လုပ်သူတိုင်း သိထားသင်တဲ့ မှားယွင်းနေတဲ့ လေ့ကျင့်ခန်း ပုံစံတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဦးခေါင်းအနောက်ဘက်ကနေ Pull–Down ဆွဲခြင်း

Photo : Web MD
ဘား Machine တွေနဲ့ Pull–Down ဆွဲတဲ့အခါ ဘားတန်းကို ဦးခေါင်းအနောက်ဘက်ကနေဆွဲတာဟာ အန္တရာယ်ရှိပါတယ်။ ဒီနည်းလမ်းက ပခုံးအဆစ်ပျော့ပြောင်းသူတွေသာ လုပ်နိုင်တဲ့ပုံစံ ဖြစ်ပါတယ်။ အကယ်၍ ဦးခေါင်းအနောက်ဘက်ကနေ Pull–Down ဆွဲမယ်ဆိုရင် လည်ပင်ရိုးကို ထိခိုက်စေနိုင်ပြီး မတော်တဆ ဒဏ်ရာရစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ခန္ဓာကိုယ်ရဲ့ အရှေ့ဘက် ရင်ညွှန့်နားကို ဆွဲချတာက ပိုပြီးမှန်ကန်ပါတယ်။
(၂ ) ပခုံးအနောက်ဘက်ကနေ ဘားတန်း မ,တင်ခြင်း

Photo : Web MD
ဒီလေ့ကျင့်ခန်းကိုတော့ Overhead Press လို့ခေါ်ပါတယ်။ Weight Training တွေကစားတဲ့အခါ အများဆုံး ထည့်ဆော့ဖြစ်ကြပါတယ်။ Barbell လို့ခေါ်တဲ့ ဘားတန်းကို ဦးခေါင်းအပေါ် ဘက်သို့ မ, တင်ရတဲ့ လေ့ကျင့်ခန်း ပါ။ ဒီလေ့ကျင့်ခန်းက Pull–Down ဆွဲတဲ့ လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ ပခုံးအနောက်ဘက်မှာ ဘားတန်းထားပြီး မ တင်မယ်ဆိုရင် လည်ပင်ရိုးနဲ့ ပခုံးကြွက်သားတွေကို ဒဏ်ရာရစေနိုင်ပါတယ်။ Pull–Down လိုပဲ ဘားတန်းကို ရင်ဘတ်ပေါ်မှာပဲ တင်ထားပြီး အပေါ်ကို မ, တင်ရမှာ ဖြစ်ပါတယ်။
(၃) ဒူးကွေးပြီး ခြေကန်ခြင်း

Photo : Web MD
ဒီ လေ့ကျင့်ခန်း ကို Leg Press လို့ခေါ်ပါတယ်။ အောက်ပိုင်းကြွက်သားတွေအတွက် အဓိက ကစားကြပါတယ်။ ခြေကန်ပြားကို ကန်တဲ့အခါ ဒူးကိုအရမ်းနှိမ့်ပြီး ကွေးထားတဲ့ပုံစံက မှားပါတယ်။ ခြေထောက်ကို အပေါ်နည်းနည်းမြှောက်ပြီး ဒူးကိုမြှင့်ထားမှ မှန်မှာပါ။ မဟုတ်ရင် ဒူးဆစ်နဲ့ ခြေသလုံးကြွက်သားတွေကို နာကျင်မှု ဖြစ်စေနိုင်ပါတယ်။
(၄) Smith Machine နဲ့ Squats ထိုင်ခြင်း

Photo : Web MD
Smith Machine နဲ့ Squats ထိုင်တဲ့အခါ ခန္ဓာကိုယ်ရှေ့ကို ခြေထောက်တွေ ရောက်နေတယ်ဆိုရင် နည်းလမ်းမှားတယ်လို့ ပြောနိုင်ပါတယ်။ ပခုံးအကျယ်အတိုင်း ခြေထောက်တွေကို ချဲပြီးမှ ကျောကို ဖြောင့်ဖြောင့်ထားကာ ဖြည်းဖြည်းချင်း ထိုင်ချရမှာ ဖြစ်ပါတယ်။
(၅) Cardio Machines နဲ့ ကစားခြင်း

Photo : Web MD
စက်ဘီးနင်းတာလို Cardio Machines တွေနဲ့ ကစားတဲ့အခါ ခန္ဓာကိုယ်ကို ဖြေလျော့ပြီး ကုန်းကုန်းကွကွပုံစံ ကစားတာက ကျောရိုး၊ ပခုံးနဲ့ တံတောင်ဆစ်ကြွက်သား တွေကို ဒဏ်ရာရစေနိုင်ပါတယ်။ ကွီးတို့ရဲ့ ခါးကို မတ်မတ်ထားပြီး ပုံစံတကျ ကစားပေးရမှသာ ထိရောက်မှန်ကန်မှုရှိမှာ ဖြစ်ပါတယ်။
Featured Photo : Fitness Day One
